ATS ခေါ် Amphetamine စိတ်ကြွဆေးပြားတွေဟာ အခုအချိန်မှာ အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသတွေမှာ ရင်ဆိုင်နေရတဲ့ ပထမတန်း တရားမ၀င်မူးယစ်ဆေး အန္တရာယ်ဖြစ်နေပြီလို့ ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။
မဟာမဲခေါင် ဒေသ Greater Mekong က Laos, မြန်မာ, ထိုင်းနဲ့ တရုတ်နိုင်ငံတွေမှာ ၂၀၀၈ နဲ့ ၂၀၁၀ ခုနှစ်တွေအတွင်း Methamphetamine ဖမ်းဆီးရမိမှု ပမာဏ လေးဆလောက်အထိ မြင့်မားလာခဲ့တယ်လို့ အင်္ဂါနေ့က ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ၊ မူးယစ်ဆေးဝါးထိမ်းချုပ်ရေးအဖွဲ့ UNODC ရဲ့အစီရင်ခံစာတစောင်မှာ ဖော်ပြလိုက်ပါတယ်။ အခုအချိန်မှာ စိုက်ပျိုးပင်ကနေ ထုတ်ယူရရှိတဲ့ ဘိန်းဖြူနဲ့ ဆေးခြောက်တွေထက် ပိုပြီး Amphetamine စိတ်ကြွဆေး ပြားတွေရဲ့ အန္တရာယ် က ပိုပြီကြီးမားလာပြီလို့ အဲဒီအစီရင်ခံစာက တဆက်တည်း ဖော်ပြပါတယ်။
အဲဒီမူးယစ်ဆေးကို တရုတ် ၊မြန်မာနဲ့ Phillipines နိုင်ငံတွေမှာ အဓိကထုတ်လုပ်ကြပေမဲ့ ခုအခါမှာ methamphetamine နဲ့ ecstasy ဆေးတွေကိုတော့ Indonesia နဲ့ Malaysia နိုင်ငံတွေမှာလဲ ထုတ်လုပ်ကြတယ်လို့ ရေးသားဖော်ပြပါတယ်။ Amphetamine ဆေး တရားမ၀င် ရောင်းချဖြန့်ဖြူးရာလမ်းကြောင်းမှာ Mekong မြစ်ကြောင်းတလျှောက် မြန်မာ၊ ထိုင်း၊ တရုပ်၊ Laos နဲ့ Cambodia နိုင်ငံတွေပါဝင်ကြောင်းကို အစီရင်ခံစာက ဖော်ပြပါတယ်။
မဲခေါင်မြစ်ဝှမ်းဒေသမှာမြန်မာနိုင်ငံဟာ Methamphetamine အဓိကထွက်တဲ့ ဒေသတခုဖြစ်ပြီး နိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်မှာ ဆေးပြားတွေထုတ်လုပ်တယ်လို့ ဆိုပါတယ်၊။ ထိုင်းနိုင်ငံ က ATS မှုခင်း စစ်ဆေးချက်အရ မြန်မာနိုင်ငံမှာ အဲဒီဆေးပြားထုတ်လုပ်တဲ့ နေရာဒေသ ၁၂ ခုထက်မနည်း ရှိပြီး ထုတ်လုပ်မှုမှာ ဒုစရိုက်အဖွဲ့ပေါင်း ၅၀ လောက် ပါဝင် ပတ်သက်နေတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ methamphetamine မူးယစ်ဆေးတွေကို Mekong ဒေသတ၀ိုက်မှာ အဓိကဖြန့်ဖြူးတယ် ဆိုပေမဲ့ ပြည်တွင်းသုံးစွဲမှုကလည်း မြင့်တက်လာနေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။