သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေးဝံ့သူများအတွက် လူ့အခွင့်အရေးဆု


လူ့အခွင့်အရေးအဖွဲ့ကြီးက ဆုချီးမြင့်ခြင်းခံသူတချို့။
လူ့အခွင့်အရေးအဖွဲ့ကြီးက ဆုချီးမြင့်ခြင်းခံသူတချို့။

အရေးယူ အပြစ်ပေးခံရမယ့် အရေးကို ရင်ဆိုင်ပြီး လွတ်လပ်စွာ ဖော်ထုတ်ခွင့်တွေအတွက် မဆုတ်မနစ် ကြိုးပမ်းခဲ့ကြသူတွေအဖြစ် နိုင်ငံပေါင်း ၂၄ နိုင်ငံက စာရေးဆရာပေါင်း ၄၈ ယောက်ကို လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch က ဂုဏ်ပြုလိုက်ပါတယ်။ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒေါ်လာ ၁ သောင်းတန် Hellman-Hammett ဆုကို စာနယ်ဇင်းသမားတွေ၊ အင်တာနက်ဘလော့ဂါတွေ၊ စာရေးဆရာတွေသာမက သီချင်းရေးဆရာတွေ အဆိုတော်တွေနဲ့ ကာတွန်းဆရာတွေကို ပေးအပ်သွားဖို့ ဒီကနေ့ပဲ ကြေညာလိုက်တာပါ။

ရွေးချယ်ခံရသူတွေထဲမှာတော့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုဖို့ စိတ်ပိုင်းဖြတ်ထားသူတွေကို အစိုးရတွေက ဟန့်တားလို့ မရဘူးလို့ ဆိုခဲ့တဲ့ ထိုင်းနိုင်ငံက အင်တာနက် အွန်လိုင်းပေါ်ကတဆင့် လှုပ်ရှားသူတဦးဖြစ်တဲ့ Chiranuch Premchaiport လည်း ပါဝင်ပါတယ်။ ဆုရရှိသူ နောက်ထပ် ၈ ယောက် ကတော့ ဗီယက်နမ်နိုင်ငံက ဖြစ်ကြပြီး၊ ဒီအထဲမှာတော့ ပိတ်ပင်ခံထားရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားနေသူ အုပ်စုတခုဖြစ်တဲ့ Block 8406 အဖွဲ့ရဲ့ ခေါင်းဆောင်တဦးလည်းဖြစ် စာရေးဆရာတဦးလည်းဖြစ်တဲ့ Nguyen Xuan Nghia လည်းပါဝင်ပါတယ်။ သူကိုယ်တိုင်ကတော့ လတ်တလော အစိုးရဆန့်ကျင် ဝါဒဖြန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၆ နှစ် ကျခံနေရတာပါ။

တခြားဆုရှင်တွေအဖြစ် အာရှတိုက်က ရွေးချယ်ခံရသူတွေထဲမှာတော့ အာဖဂန်၊ တရုတ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်္ကာပူ စတဲ့နိုင်ငံတွေက စာနယ်ဇင်းသမားတွေ ပါဝင်ကြပါတယ်။

XS
SM
MD
LG