ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်း ရပ်ဆိုင်းလိုက်တာကြောင့် တရုတ်နဲ့မြန်မာ အစိုးရချင်း ဆက်ဆံရေးကို ထိခိုက်နိုင်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံ သမ္မတရဲ့ နိုင်ငံရေးအကြံပေး တဦးက သုံးသပ်ပါတယ်။ မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်လိုက်တဲ့အပေါ် ဒီစီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်နေတဲ့ တရုတ်နိုင်ငံပိုင် တရုတ်စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ CPI ဥက္ကဋ္ဌက အံ့အားသင့်မိကြောင်း ပြောဆိုပြီး ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောလိုက်ပြီးတဲ့နောက်မှာ မြန်မာသမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်က အဲဒီလို ပြောတာပါ။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။
မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ဖို့ကို မြန်မာအစိုးရက ရပ်တန့်မယ်လို့ ကြေညာလိုက်တဲ့ နောက်မှာ တရုတ်အစိုးရဘက်က တရုတ်အမျိုးသားပိုင် ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ဥပဒေရပိုင်ခွင့်ကို လေးစားဖို့နဲ့ အကာအကွယ်ပေးဖို့ တိုက်တွန်းလိုက်သလို တရုတ်နိုင်ငံပိုင် China Power Investment Corporation ခေါ် တရုတ် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဥက္ကဋ္ဌက မြစ်ဆုံဆည် စီမံကိန်းအတွက် ငွေအမြောက်အများ ရင်းနှီးမြှုပ်နှံထားပြီးဖြစ်တာကြောင့် ဥပဒေကြောင်း အရ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဒီကနေ့ ထုတ်ဖော် ပြောကြားပါတယ်။
သမ္မတရဲ့ နိုင်ငံရေးအကြံပေး ဒေါက်တာနေဇင်လတ်ကတော့ ဒီလို ပြောဆိုတာတွေရှိပေမဲ့ တရုတ်-မြန်မာ အစိုးရချင်း ဆက်ဆံရေးကို ထိခိုက်မယ်လို့ မယူဆကြောင်း သုံးသပ်ပါတယ်။
“နှစ်နိုင်ငံ level မှာတော့ဗျာ၊ ဆက်ဆံရေးက ကြီးကြီးမားမား ထိခိုက်စရာ အကြောင်းတော့ မရှိပါဘူးဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ တရုတ်ရဲ့ Projects တွေ အတော်များများက ဒီမှာ ရှိနေတာကို။ ဒါက Project တခုပဲ ရှိပါသေးတယ်။ ဗမာနဲ့ တရုတ်မှာ စီးပွားရေး Ties တွေက အများကြီးပဲ။ မြစ်ဆုံကတော့ လုပ်ငန်းတွေ အများကြီးထဲက တခုပေါ့နော်။ ကုမ္ပဏီနဲ့ ဒီဘက်က ၀န်ကြီးဌာနနဲ့ကတော့ပေါ့ဗျာ ညှိနှိုင်းရမှုလေးတွေ အနည်းငယ် ရှိနိုင်တယ်ပေါ့”
ဒီလို တရုတ်စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကုမဏီနဲ့ ညှိနှိုင်းမယ်ဆိုရင် တစုံတရာ လျှော်ကြေးပေးတာ မျိုးတွေတော့ ရှိလာနိုင်တယ်လို့ ဒေါက်တာနေဇင်လတ်က ဆက်ပြောပါတယ်။
“Compensation ပေါ့ဗျာ။ ခြုံပြီးပြောရရင်တော့ ကျနော်တို့ တစုံတရာ တခုတော့ Compensation တော့ လုပ်ပေးရမှာပေါ့နော်။ Compensation ဆိုတာကတော့ဗျာ။ လျှော်ကြေးလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ သို့မဟုတ်ရင်လည်း ကျနော်တို့က တခြားတခုခု အစားထိုးပေးရတာမျိုး ဖြစ်ချင်ဖြစ်လာနိုင်တာပေါ့။ ဒါမျိုးလည်းပဲ ဖြစ်နိုင်ပါတယ်။ ဒါက ဗမာပြည်မှာကျမှ ဦးဆုံးစဖြစ်တာမျိုး မဟုတ်ဘူး။ တခြားနိုင်ငံတွေမှာလည်းပဲ ရှိတယ်လေ။ ဒါမျိုးတွေက ဖြစ်တတ်ပါတယ်”
တရုတ်နဲ့ မြန်မာအစိုးရတို့ ဒေါ်လာသန်းပေါင်း ၃ ထောင့် ၆ ရာ တန်ဘိုးရှိတဲ့ မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ဖို့ကို ၂၀၀၆ ခုနှစ်က သဘောတူခဲ့ကြပြီး ၂၀၀၉ ခုနှစ်မှာ စတင် အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာ အနည်းဆုံး စီမံကိန်းရဲ့ ၅ ပုံ ၁ ပုံလောက် ပြီးစီးနေပြီလို့ ခန့်မှန်းကြပါတယ်။
မြစ်ဆုံဆည်စီမံကိန်းက ဧရာဝတီမြစ်ကြီးအပြင် ဆည်တည်ဆောက်ရာဒေသက သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံ လူထုတွေကို ထိခိုက်နိုင်တာကြောင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ပါတီတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေက ရပ်တန့်ဖို့အတွက် ကန့်ကွက် ခဲ့ကြတာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်လိုက်တဲ့အပေါ်မှာတော့ အားလုံးက ကြိုဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတော့ တရုတ်နဲ့မြန်မာ အစိုးရတို့ အကြား မြစ်ဆုံဆည်စီမံကိန်းအတွက် စာချုပ်ချုပ်စဉ်က ဘာတွေ သဘောတူထားတယ်ဆိုတာ မသိတဲ့အတွက် နောက်ဖြစ်လာမဲ့ အလားလာကို သုံးသပ်ချက်ပေးဖို့ ခက်ခဲကြောင်း ပြောပါတယ်။
ဒါပေမဲ့ သူတို့ ပါတီအနေနဲ့ကတော့ ဧရာဝတီမြစ်ကြီးကို ကယ်တင်ရေးအတွက် ဆက်လက် ရပ်တည်မှာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“NLD အနေနဲ့ကတော့ ဒီကိစ္စမှာ ကျနော်တို့က ဧရာဝတီမြစ်ကြီး တခုလုံးကို ကယ်တင်ရေးအတွက် Save the Irrawaddy နော်၊ မြစ်ဆုံလည်းပါတာပေါ့။ ဒါ အစိတ်အပိုင်းတခု။ ကျနော်တို့က ဧရာဝတီကို ကယ်တင်ရေး ဘက်မှာ အမြဲတမ်းရပ်တည်နေမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဧရာဝတီဟာ ပြည်သူလူထု၊ တိုင်းရင်းသားရော ပြည်မရော အကုန်လုံးဆက်စပ်နေတယ်။ ကျနော်တို့က ဧရာဝတီဘက်က အမြဲ ရပ်တည်မှာပါ။”
သမ္မတ ဦးသိန်းစိန်က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကို မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်ကြောင်း ပေးပို့တဲ့ သ၀ဏ်လွှာမှာတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ မြစ်ဆုံဆည်ဆိုင်ရာ စာချုပ်စာတမ်း တွေကို မိတ်မပျက်စေဘဲ သဘောတူညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖော်ပြထားတာလည်း ဖြစ်ပါတယ်။