မြန်မာအစိုးရအနေနဲ့ အကျဉ်းသား ၆ ထောင်ကျော်ကို ဒီကနေ့ကစလို့ လွှတ်ပေးမယ်ဆိုပြီး ကြေညာ လိုက်တာကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက် ပါလာမလဲ အများက စောင့်ကြည့်နေကြတာပါ။ နိုင်ငံတကာကတော့ သူတို့လွှတ်ပေးဖို့ ပြောနေတာဟာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တာမို့ လွှတ်တဲ့အထဲ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပါဝင်ဖို့ လိုမယ်လို့ တုန့်ပြန်ကြပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက စုံစမ်းမေးမြန်း ထားပါတယ်။
မြန်မာအစိုးရသစ် တက်ပြီးနောက် ဒါဟာ ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်လို့ဆိုရပါမယ်။ အကျဉ်းသား ၆၃၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ ဆိုရာမှာ ပြည်တွင်းပြည်ပက လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက် ပါဝင်သလဲဆိုတာတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ တခေါက် အကျဉ်းသား နှစ်သောင်းနီးပါး လွတ်လာတဲ့ထဲမှာ သာမန်ရာဇဝတ်မှုနဲ့ကျတဲ့ အကျဉ်းသားက အများစုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ဝန်းကျင်ပဲ ပါပါတယ်။ ဒါကြောင့် အခုတခေါက်မှာ နိုင်ငံရေးအကျဉ်းသားတွေ များများစားစား ပါပါ့မလား သံသယနဲ့ စောင့်ကြည့်နေသူက အများအပြားပါ။ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland ကတော့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာတာကို မြင်လိုပါတယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်လာတာကို မြင်လိုပါတယ်။ ပြီးခဲ့တဲ့ကာလတွေ တုန်းကလည်း မြန်မာအစိုးရအနေနဲ့ အကျဉ်းသားတွေကို လွှတ်ပေးခဲ့တာတွေရှိပါတယ်။ ဒါကြောင့် အခု လွတ်လာမယ့်သူတွေထဲမှာ ဘယ်လိုလူတွေပါမလဲ စောင့်ကြည့်နေရတာပါ။ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်”
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေးကင်တာနားကလည်း နိုင်ငံတကာရဲ့လိုလားချက်ဟာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာဖို့ဖြစ်တယ်ဆိုတာ မြန်မာအစိုးရအနေနဲ့ သဘောပေါက်နားလည်မယ်လို့ ယူဆတဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။
“ကျနော့်အနေနဲ့ရော နိုင်ငံတကာအနေနဲ့ တောင်းဆိုနေတဲ့အချက်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဆိုတာ မြန်မာအစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်း နားလည်မယ်ဆိုတာ ကျိန်းသေပါတယ်။ အခြားအကျဉ်းသားတွေ လွှတ်ကောင်းလွတ်လာနိုင်ပါတယ်။ ဒါပေမဲ့ တောင်းဆိုထားတာကတော့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ ဆိုတာကိုတော့ မြန်မာအစိုးရ သိထားရပါမယ်။”
မြန်မာအစိုးရ မီဒီယာတွေမှာတော့ စည်းကမ်းနဲ့ အကျင့်စာရိတ္တကောင်းမွန်တဲ့ အကျဉ်းသားတွေကို လူသားချင်းစာနာမှုအရ လွှတ်ပေးမယ်လို့ ကြေညာသွားပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရရဲ့ နိုင်ငံတော်သမ္မတထံ ပေးစာထဲ မှာတော့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်နဲ့ အချို့ နိုင်ငံတွေရဲ့ မျှော်လင့်တောင့်တချက်တရပ်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ Prisoners of Conscience ဟု ဖော်ညွှန်းတဲ့ အကျဉ်းထောင်တွင်းရှိနေသူများအား လွှတ်ပေးရန်ကိစ္စတရပ်ဖြစ်ပါတယ်လို့ ရေးထားပါတယ်။
မြန်မာအစိုးရကတော့ တည်ဆဲဥပဒေကို ချိုးဖောက်လို့ အပြစ်ဒဏ်ကျခံရသူများဆိုတာကိုပဲ သုံးလေ့ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာကို မသုံးပါဘူး။ နိုင်ငံရေးအမြင်အရ ခံယူချက်၊ ယုံကြည်ချက်ကြောင့် တည်ဆဲဥပဒေနဲ့ညိစွန်းပြီး ပြစ်ဒဏ်ကျခံရသူအားလုံးကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ယူဆတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှုးကိုတိတ်နိုင်က ပြောပါတယ်။
“မိမိယုံကြည်မှုအတွက် မည်သည့်ပါတီ မည်သည့်အဖွဲ့အစည်း သို့မဟုတ် တသီးပုဂ္ဂလပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဆန္ဒကို ထုတ်ဖော်ပြစေဦးတော့ လက်နက်ကိုင်ထားဦးတော့ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့လူတွေ ယုံကြည်ချက်ကြောင့် လှုပ်ရှားနေတဲ့လူတွေ အကုန်လုံးဟာ နိုင်ငံရေး အကျဉ်းသား ဖြစ်တယ်။ ဒီမိုကရေစီရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ယုံကြည်ချက်နဲ့ လှုပ်ရှားဆောင်ရွက်ရင်း တည်ဆဲဥပဒေအရ အကျဉ်းကျထားတဲ့ သူတွေဟာ နိုင်ငံရေးအကျဉ်းသားဖြစ်တယ်။”
အခု လွတ်လာမယ့်အထဲမှာတော့ နိုင်ငံရေးအကျဉ်းသား အနည်းနဲ့အများတော့ ပါလာဖွယ်ရှိတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့်လည်း အားလုံးက အခြေအနေကို သတိတကြီး စောင့်ကြည့်နေကြတယ် ပြောရမှာပါ။ မစ္စတာကင်တာနားကတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံမှာ တကယ့်ကို သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေရှိပြီဆိုတာကို နိုင်ငံတကာကို ပြနိုင်ဖို့ အခွင့်အလမ်းတရပ်ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။
ကိုတိတ်နိုင်တို့ စာရင်းဇယားအရ ဒီလိုပုဒ်မမျိုးတွေနဲ့ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ဘယ်လောက်ရှိပါသလဲ။
“ပြီးခဲ့တဲ့လက ဆိုရင် ၁၉၉၅ ယောက်ရှိပါတယ်။ တချို့ လွတ်သွားတဲ့သူတွေ ရှိနိုင်တယ်။ ကျနော်တို့ စာရင်းထဲမှာမရှိတဲ့သူ အတော်များများလည်း အခု တွေ့လာရတယ်။ ဆိုလိုတာက ၂၀၀၀ နီးပါး ရှိပါတယ်။ ဒါပေမယ့် ဒီနေ့အထိ သူတို့က မရှိဘူးလို့ ပြောနေသမျှကတော့ ကျနော်တို့ ပြောနေတဲ့ ဂဏန်းဘယ်လောက်ပဲဖြစ်ဖြစ် သူတို့က ငြင်းနေမှာပဲ။”
အခု ဒီလွတ်လာမယ့်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသား အနည်းနဲ့အများ ပါလာဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ ဒါကြောင့်လည်းပဲ အားလုံးကတော့ အခြေအနေကို သတိတကြီးနဲ့ စောင့်ကြည့်နေကြတယ်လို့ ပြောရမှာပါ။ မစ္စတာကင်တားနားကတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံမှာ တကယ့်ကို သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ရှိတယ်ဆိုတာကို နိုင်ငံတကာကို ပြဖို့အတွက်အတွက် အခွင့်အလမ်းတရပ်ဖြစ်တယ်ဆိုပြီး ပြောဆို သွားခဲ့ပါတယ်။