သုံးရလွယ်ကူစေသည့် Link များ

စစ်မှန်တဲ့ အပြောင်းအလဲကို နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုနှင့် HRW အကဲဖြတ်


မေလ ၁၇ ရက်နေ့က လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ အင်းစိန်ထောင်ရှေ့က စောင့်မျှော်နေပုံ။

မြန်မာနိုင်ငံမှာ တကယ်စစ်မှန်တဲ့ အပြောင်းအလဲတွေ ပြုလုပ်ခြင်းရှိမရှိကို ဒီကနေ့ ကစလွှတ်မယ်လို့ သမ္မတ ဦးသိန်းစိန် ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်လောက် လွှတ်ပေးမလဲဆိုတာကို ကြည့်ပြီးတော့ အကဲဖြတ်နိုင်မှာ ဖြစ်တယ်လို့ နယူးယောက်မြို့ အခြေစိုက် Human Rights Watch လူ့အခွင့်ရေးစောင့်ကြည့် အဖွဲ့ ကြီးက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

သီတင်းကျွတ်လပြည့် အောက်တိုဘာလ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေထဲက ၆,၄၅၉ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုမယ်လို့ အင်္ဂါနေ့မှာ နိုင်ငံတော် သမ္မတ ရုံးကနေ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်လို့ အစိုးရသစ်အဖွဲ့က ပြောကြားနေပေမယ့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ ထောင်နဲ့ ချီပြီး ရှိနေတာမို့ တကယ်ပြောင်းလဲမှုတွေ လုပ်မလုပ် ဒီ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ နိုင်ငံရေး အကျဉ်းသားဘယ်နှစ်ယောက် ပါနေတယ်ဆိုတာ ကနေ သိသာနိုင်တယ်လို့ လူ့အခွင့်ရေးစောင့်ကြည့် အဖွဲ့ ကြီးရဲ့ အာရှဒေသ တာဝန်ခံ အီလိန်း ပီယာဆင် (Elaine Pearson) ကပြောပါတယ်။

“မြန်မာပြည်က နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ ကျမတို့ ပြောနေတာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်တာမို့ သမ္မတ ဦးသိန်းစိန် ပြောတဲ့ အကျဉ်းသား ၆,၀၀၀ ကျော် လွှတ်ပေးမယ့်ထဲမှာ ဒီ နိုင်ငံရေးအကျဉ်းသားတွေသာ ပါလာခဲ့မယ်ဆိုရင်တော့ အတိုင်းထက် အလွန် ၀မ်းသာမိမှာပါ။ ဒါပေမယ့် အရင်တုန်းကပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပုံစံတွေကို ပြန်ကြည့်တဲ့အခါမှာတော့ နိုင်ငံရေး အကျဉ်းသားက မဆိုစလောက်ကလေးတွေပဲ ပါလာတတ်ပါတယ်။ ဒါ့ကြောင့် မြန်မာအစိုးရသစ်က တကယ်စစ်မှန်တဲ့ အပြောင်းအလဲတွေ လုပ်မလုပ်ကို သူတို့ လွှတ်ပေးမယ့် နိုင်ငံရေး အကျဉ်းသား ဘယ်လောက် ပါနေတယ်ဆိုတဲ့ အပေါ်မှာ ကြည့်နိုင်မှာပါ”

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားမရှိဘူးလို့ အစိုးရတာဝန်ရှိသူတွေက တောက်လျှောက်ပြောနေတာဟာ ပြဿနာတခုဖြစ်ပြီး အစိုးရကို ဝေဖန်ပြောဆိုမှုတွေ၊ ရေးသားမှုတွေ၊ ဆန္ဒပြမှုတွေ အတွက် ပုဒ်မ အမျိုးမျိုးတပ်ပြီး အဖမ်းဆီးခံနေရသူတွေအတွက် အစိုးရမှာ တာဝန်ရှိတယ် လို့ ဆိုပါတယ်။ အခုလွှတ်ပေးမယ့် လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ဒီလို ယုံကြည်ချက်ကြောင့် အကျဉ်းးကျနေသူတွေကို ပြန်ပြီးလွှတ်ပေးဖို့ လိုအပ်သလို လွှတ်ပေးပြီးရင်လည်း သူတို့ အတွက် လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်တွေ ပေးနိုင်ဖို့ ကိစ္စဟာ အရေးပါတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အပြောင်းအလဲ လုပ်နေတဲ့ မြန်မာ့နိုင်ငံရေးမှာ သူတို့ကိုပါ ပါဝင်ခွင့်ပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“အရင်တုန်းက ပုံစံအတိုင်းဆိုရင် နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်သံသရာ လည်နေတာ တွေ့ရပါတယ်။ ဇာဂနာတို့၊ မင်းကိုနိုင်တို့လို၊ လူမျိုးတွေအတွက်ဆိုရင် ထောင်ကလွတ်လာပြီး မကြာခင်မှာပဲ အစိုးရကိုဝေဖန်မိတာ၊ ရပိုင်ခွင့်တောင်းဆိုမိတာနဲ့၊ ထောင်ပြန်ချထားတာမျိုး ရှိနေပါတယ်။ ဒီထဲမှာ ၈၈ မျိုးဆက်ထဲက နီလာသိန်းတို့၊ အလုပ်သမားအခွင့်အရေးလှုပ်ရှားတဲ့ မစုစုနွေးတို့လို အမျိုးသမီးတွေလည်း အများ အပြားပါနေပါတယ်။ သူတို့လို လူမျိုးတွေကို ပြန်လွှတ်ပေးခဲ့ရင် လူ့အခွင့်အရေးရပိုင်ခွင့် ထပ်ပြီးတောင်းဆိုမှုတွေအတွက် ပုံစံအမျိုးမျိုးနဲ့ ထောင်ထဲ ပြန်သွင်းတာမျိုး မရှိစေဖို့ အစိုးရက တာဝန်ခံဖို့လိုပါတယ်။ ဒီလိုတာဝန်ခံဖို့ မှန်ကန်တဲ့ တရားဥပဒေစိုးမိုးမှု ရှိဖို့လိုပါတယ်”

HRW လူ့အခွင့်အရေး စောင့်ကြည်ရေးအဖွဲ့ကြီးရဲ့ အာရှဒေသတာဝန်ခံ အီလိန်း ပီယာစင် (Elaine Pearson) ကပြောသွားတာပါ။

XS
SM
MD
LG