သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒလိုင်းလားမား ဗီဇာကိစ္စ အစိုးရအပေါ် ဒက်စမွန်တူးတူး ဝေဖန်


ဒလိုင်းလားမား ဗီဇာကိစ္စ အစိုးရအပေါ် ဒက်စမွန်တူးတူး ဝေဖန်
ဒလိုင်းလားမား ဗီဇာကိစ္စ အစိုးရအပေါ် ဒက်စမွန်တူးတူး ဝေဖန်

တိဗက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်လားမားကို တောင်အာဖရိက အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးတာကြောင့် အခုလက်ရှိ တောင်အာဖရိက အစိုးရဟာ အရင်တုန်းက အသားအရောင်ခွဲခြားတဲ့အစိုးရထက်ကို ဆိုးဝါးနေတယ်လို့ တောင်အာဖရိက ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ဝေဖန်ပြစ်တင်လိုက်ပါတယ်။

တောင်အာဖရိကနိုင်ငံကို လာရောက်ခွင့်ရဖို့ ပြည်ဝင်ခွင့်ဗီဇာမပေးတာကြောင့် တောင်အာဖရိကနိုင်ငံရဲ့ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် ဒတ်စမွန်တူးတူးရဲ့ အသက် ၈၀ ပြည့် မွေးနေ့ အခမ်းအနားကို တတ်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဘုန်းတော်ကြီးဒလိုင်လားမားက ပြောဆိုပြီးတဲ့နောက် အခုလို ဒက်စမွန်တူးတူးက တောင်အာဖရိကအစိုးရကို ဝေဖန် တုန့်ပြန်သွားတာပါ။ တောင်အာဖရိကနိုင်ငံရဲ့ လက်ရှိအာဏာရ အာဖရိက အမျိုးသား ကွန်ဂရက်ပါတီကတော့ ဒတ်စမွန်တူးတူးအနေနဲ့ အခုလို
စွတ်စွဲပြောဆိုတာထက် အစိုးရဘက်ရဲ့အကြောင်းပြမှုကို အရင် နားထောင်သင့်တယ်လို့ တုန့်ပြန်ပါတယ်။

တိဗက်ဘာသာရေးခေါင်းဆောင်ကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးဖို့ တောင်အာဖရိက အစိုးရမှာ အခက်အခဲရှိနေတယ်ဆိုတာကို ဖြေရှင်းမှုရတဲ့
အကြောင်းတော့ ဒလိုင်လားမားရုံးက ထုတ်ပြန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဘက်က ဖိအားတစုံတရာရှိတယ်ဆိုတာကို
တောင်အာဖရိက အစိုးရ တာဝန်ရှိသူတွေက ငြင်းဆန်ပါတယ်။ တရုတ်နိုင်ငံဟာ တောင်အာဖရိကနိုင်ငံရဲ့ အဓိက ကုန်သွယ်ဘက် နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ဒလိုင်းလားမား ဘယ်သွားသွား အဲဒီနိုင်ငံတွေက ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးနိုင်ဖို့ သက်ဆိုင်ရာအစိုးရတွေကို တရုတ်ဘက်က သံတမန်ဖိအားပေးလေ့ရှိပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က တောင်အာဖရိကအစိုးရကို ဝေဖန်သွားခဲ့ပါတယ်။ တောင်အာဖရိကအစိုးရဟာ တခြားနေရာတွေမှာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတာမှာ အားတက်သရော မပါဝင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က
တနင်္လာနေ့က Johannesburg တက္ကသိုလ်က ဟောပြောပွဲမှာ ဝေဖန်သွားတာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံတွင်းက ပြဿနာတွေကို အောင်အောင်မြင်မြင်နဲ့ ကျော်လွှားသွားနိုင်ကြသူတွေ အနေနဲ့ တိုက်ပွဲဝင်နေကြဆဲသူတွေအတွက် သတိရပေးရင် သိပ်ကောင်းမှာပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG