သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း နှစ်ဘက်သဘောတူညီမှု နိုင်ငံသိအောင် ချပြဖို့လို


မြစ်ဆုံစီမံကိန်း နှစ်ဘက်သဘောတူညီမှု နိုင်ငံသိအောင် ချပြဖို့လို
မြစ်ဆုံစီမံကိန်း နှစ်ဘက်သဘောတူညီမှု နိုင်ငံသိအောင် ချပြဖို့လို

သမ္မတအမိန့်နဲ့ ယာယီ ရပ်ဆိုင်းထားတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းဟာ တရုတ်နဲ့မြန်မာအကြား နှစ်ဘက်စလုံး အကျိုးအမြတ်ရှိဖို့ အသေအချာ တွက်ချက်လုပ်ကိုင်ခဲ့တဲ့ စီမံကိန်း ဖြစ်တယ်လို့ တရုတ်ပိုင် CPI တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူက တရုတ်အစိုးရပိုင် သတင်းဌာနတွေကို ပြောသွားပါတယ်။

ဒီစီမံချက်ကို မြန်မာဘက်က တဘက်သတ် ရပ်ဆိုင်းလိုက်တဲ့အပေါ် သူတို့ဘက်က ဥပဒေကြောင်း အရ ရင်ဆိုင်ဖြေရှင်းသွားမယ် လို့လည်း ပြောလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စောင့်ကြည့်နေတဲ့ မြန်မာ့အရေး လေ့လာသူတွေကတော့ မြန်မာအစိုးရဘက်ကလည်း တရုတ်နဲ့ သဘောတူညီခဲ့တာတွေကို အများသိအောင် ချပြပြီး လူထုဆန္ဒနဲ့အညီ ဆက်လက် ဆောင်ရွက်သွားသင့်တယ်လို့ တိုက်တွန်းကြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

မြစ်ဆုံစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တဲ့ CPI တရုတ်စွမ်းအင်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ ဥက္ကဋ္ဌ လူကျိဇောင်ကို တရုတ်အစိုးရပိုင် နေ့စဉ်သတင်းဌာနက မေးမြန်းထားရာမှာ မြစ်ဆုံစီမံကိန်းကို နှစ်ဘက်စလုံးက အသေအချာလေ့လာပြီး ငွေအတော်များများ ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် အခုလို စီမံကိန်းကို ရပ်မယ်ဆိုရင်တော့ လျော်ကြေးငွေတွေ၊ ထိခိုက်နစ်နာမှုတွေ မြန်မာရော တရုတ်ရော နှစ်ဘက်လုံးမှာ ရှိလိမ့်မယ်လို့ ပြောသွားပါတယ်။

အခုလို စီမံကိန်း ရပ်ဆိုင်းတယ်ဆိုတဲ့နေရာမှာ သတင်းတွေကတဆင့် ကြားရတာဖြစ်ပြီး သူတို့ကို ကြိုတင်ပြောဆိုတာမျိုး မရှိတာကြောင့် အလွန်တရာ အံအားသင့်ရတယ်လို့ ပြောပါတယ်။ ဒါကြောင့် CPI ဘက်ကတော့ ဒီကိစ္စကို ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူတဦးကတော့ ဒီလို နှစ်နိုင်ငံကုန်သွယ်ရေး စီးပွားရေး သဘောတူညီချက်မျိုးတွေဟာ နှစ်နိုင်ငံကြားမှာပဲ အကျုံးဝင်ပြီး နိုင်ငံတကာခုံရုံးသဘောမျိုးတော့ မရှိဘူး ပြောပါတယ်။ ဒါကြောင့် ဒီပြဿနာကိုတော့ နှစ်နိုင်ငံ အစိုးရအကြား ညှိနှိုင်းဖြေရှင်းရမယ့် အနေအထားဖြစ်တယ်လို့ ယူဆပါတယ်။ ပိုပြီးအရေးကြီးတာက လက်မှတ်ထိုးခဲ့တဲ့ မူလ သဘောတူညီချက်ပါ အချက်အလက်တွေ၊ လုပ်ငန်း ရပ်ဆိုင်းမယ်ဆိုရင် ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့ အပိုဒ်တွေအပေါ် ဖြေရှင်းရမှာဖြစ်ပြီး ဒီသဘောတူညီချက်ပါ အကြောင်းရပ်တွေကို မသိရတာကြောင့် မှတ်ချက်ပေးဖို့ ခက်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ အမေရိကန်အခြေစိုက် မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်မှုအဖွဲ့ USCB က ဦးအောင်ဒင်ကလည်း အရင်တုန်းက ဘယ်လို ပုံစံ သဘောတူညီခဲ့ကြသလဲ ဆိုတာ မရှင်းဘူးလို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ဒီ စီမံကိန်းကို သမတအမိန့်နဲ့ ရပ်ဆိုင်လိုက်တာကြောင့် မြန်မာအစိုးရအဖွဲ့အတွင်း သဘောကွဲလွဲမှုရှိတယ်ဆိုပြီး ယူဆမှုတွေလည်းရှိကြပါတယ်။ မြန်မာစစ်ထောက်လှမ်းရေးဟောင်း ဦးအောင်လင်းထွဋ်ကတော့ ဒီ စီမံကိန်းစဖို့ ဆွေးနွေးကတည်းက စစ်အုပ်စုအတွင်းမှာ သဘောကွဲလွဲမှုတွေရှိပြီး၊ ဒီစီမံကိန်းဟာလည်း တရုတ်ဖက်က ဖိအားကြောင့် လုပ်ရတာလို့ ပြောပါတယ်။

“သူတို့ဘက်က ဒီ စီမံကိန်းအတွက် အရင်းအနှီးတွေ အများကြီး တရားဝင် လုပ်ငန်းအတွက် သုံးတာတွေရော တရားမဝင် လာဘ်ပေးတာတွေရော စသဖြင့် အများကြီး သုံးစွဲထားပြီးတော့ အကျိုးအမြတ်ကိုလည်း အများကြီး မျှော်လင့်ထားတာကိုး။ ဆိုတော့- ဒီအပေါ်မှာတော့ သူတို့ ဒေါသတကြီး တုံ့ပြန်ကြမှာ သေချာပါတယ်။ ကျနော်တို့ဘက်က မသိတာက နှစ်နိုင်ငံကြားမှာ လုပ်ငန်းအခြေအနေနဲ့ပတ်သက်လို့ ဘယ်လို စာချုပ်တွေ ချုပ်ထားတယ်ဆိုတာ ကျနော်တို့က မသိကြရဘူး”

တချိန်တည်းမှာပဲ ဒီစီမံကိန်းကို သမ္မတ အမိန့်နဲ့ ရပ်ဆိုင်းလိုက်တာကြောင့် မြန်မာအစိုးရအတွင်းမှာ သဘောကွဲလွဲမှု ရှိတယ်ဆိုပြီးတော့ ယူဆမှုတွေလည်း ထွက်လာပါတယ်။ မြန်မာစစ်ထောက်လှမ်းရေးမှူးဟောင်း ဦးအောင်လင်းထွဋ်ကတော့ စီမံကိန်းကို စဖို့ ဆွေးနွေးကတည်းက စစ်အုပ်စုအတွင်းမှာ သဘောကွဲလွဲမှု ရှိပြီးတော့ ဒီစီမံကိန်းဟာလည်း တရုတ်ဘက်က ဖိအားကြောင့် လုပ်ရတာလို့ ပြောပါတယ်။

“ဗိုလ်ချုပ်သန်းရွှေ စလုပ်ကတည်းကကိုက မကျေနပ်ဘူးပေါ့လေ။ ဒါဖြစ်ရင် ဘေးဒုက္ခတွေ တော်တော်များများ ရောက်မယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ကိုးကန့်အရေးအခင်းမှာ လက်မှတ်ထိုးပြီးတဲ့အခါမှာတော့ သူတို့ အဲဒါကို ခွင့်ပြုလိုက်ရတဲ့ အနေအထားမျိုးရှိတယ်။ ကိုးကန့်အရေးအခင်း ဖြစ်တဲ့အခါမှာ ပထမ ဗိုလ်ချုပ်ရွှေမန်းသွားတယ်။ ဒုတိယ ဗိုလ်ချုပ်မောင်အေးကို ခေါ်တဲ့အခါမှာ မြစ်ဆုံဆည်ကိစ္စနဲ့ gas ပိုက်လိုင်း ကိစ္စဟာ မြန်မာအစိုးရက အင်တင်တင်လုပ်နေတဲ့ ကိစ္စကို bully လုပ်ပြီးတော့မှ တရုတ်ပြည်မှာ လက်မှတ်ထိုးဖို့အတွက်ကို သူတို့ အကုန်လုံးက စီစဉ်ပြီးတော့မှ လုပ်လိုက်တဲ့ အနေအထားမျိုးမှာ ရှိတယ်ခင်ဗျ”

ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို မြန်မာဘက်က စစ်ရေးအရ နှိမ်နင်းခဲ့တုန်းက တရုတ်လူမျိုးတချို့ သေဆုံးတာ၊ စီးပွားရေးနစ်နာမှုတွေ ရှိတာကြောင့် ဒီကိစ္စအပေါ်မှာ တရုတ်က အတော်လေး မကျေမနပ်ဖြစ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခု သမ္မတဦးသိန်းစိန်ရဲ့ မြစ်ဆုံစည်စီမံကိန်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို ကြည့်မယ်ဆိုရင်တော့ အစိုးရအဖွဲ့အတွင်းမှာ အများစုဟာ တရုတ်အပေါ်မှာ မှီခိုလိုစိတ် ရော့လာတယ်လို့ ဦးအောင်ဒင်က ယူဆပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံအတွင်း တခြား တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကြီးကြီးမားမား ရှိနေသေးတာကြောင့် ဒီပြဿနာကြောင့်နဲ့တော့ တရုတ်-မြန်မာ ဆက်ဆံရေး ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်စရာ မရှိဘူးလို့ ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။

“နောင်တချိန်မှာ ဗမာအစိုးရက လူ့အခွင့်အရေး ကိစ္စမျိုးနဲ့ပဲဖြစ်ဖြစ်၊ ကျန်တဲ့ တခြားကိစ္စတွေနဲ့ပဲဖြစ်ဖြစ် တရုတ်ဟာ ဗမာပြည်ဘက်က ရပ်တည်ပေးဖို့ဆိုတာ တော်တော်လေး တင်းသွားမယ့် အနေအထားမျိုး ရှိပါတယ်။ သို့သော် တရုတ်ရဲ့ Investment ပေါ့လေ- အများအပြားက ဗမာပြည်ထဲမှာ ရှိနေတဲ့အခါကျတော့ တရုတ်အနေနဲ့ ဗမာအပေါ်မှာတော့ လက်လွတ်စပယ် လုပ်မယ့်အနေအထားမျိုးတော့ မရှိနိုင်ဘူး”

အခြားတဖက်မှာ စိုးရိမ်တကြီးပြောလာတာကတော့ အခုလို မြန်မာနိုင်ငံမှာ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေချိန် အခု မြစ်ဆုံကိစ္စကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူတွေဘက်က မြန်မာပြည်မှာ လုပ်ရင် အာမခံချက်မရှိဘူးလို့ ယူဆလာမလားဆိုတဲ့ အချက်ပါ။ ဦးအောင်ဒင်ကတော့ ရင်းနှီးမြုပ်နှံမှုတွေအတွက် လူထုဆန္ဒကို တကယ်ယူမယ်၊ လူထုဆန္ဒအတိုင်း လုပ်မယ်ဆိုရင် ဘာမှ စိုးရိမ်စရာမရှိဘူးလို့ မြင်ပါတယ်။

မြန်မာ့အရေးလေ့လာသူ သုတေသီ ဦးသန့်မြင့်ဦးကတော့ လက်ရှိ ရင်းနှီးမြုပ်နှံမှုတွေရော လာမယ့် ရင်းနှီးမြုပ်နှံမှုတွေကိုပါ လုံခြုံအာမခံမှု ပေးနိုင်ဖို့ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေ စည်းမျဉ်းတွေနဲ့ အုပ်ချုပ်မှုကောင်းဖြစ်ဖို့ အလျင်အမြန်လိုအပ်နေပြီလို့ ဗွီအိုအေကို ပြောပါတယ်။ တဘက်မှာလည်း ဒီ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနဲ့ ဒေသခံပြည်သူ အကျိုးစီးပွားတွေကိုပါ ထည့်တွက်ဖို့လိုမယ်လို့ ဦးသန့်မြင့်ဦးက ပြောပါတယ်။

CPI ဥက္ကဋ္ဌရဲ့ ပြောဆိုချက်မှာတော့ မြစ်ဆုံစီမံကိန်းဝန်းကျင်က ဒေသခံပြည်သူ ၂ ထောင်ကျော် အတွက် နှစ်ထပ်တိုက် အိမ်ယာသစ်တွေ ဆောက်လုပ်ပေးတာ အပါအဝင် လျော်ကြေးငွေ၊ နောက် သူတို့ရဲ့လိုအပ်ချက် ကျောင်း၊ ဆေးရုံ စသဖြင့် လူမှုရေး အထောက်အကူပြုမှုတွေ အတော်များများ ပေးခဲ့ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့လည်း သူတို့အသေအချာ တွက်ချက်ခဲ့ပြီး ဒီ ဆည်ကြောင့်ပဲ ရေလွှမ်းမိုးမှုတွေကို လျှော့ပါးသွားစေမယ်၊ ဧရာဝတီမြစ်ရဲ့ ရေစီးဆင်းမှုကို ပိုပြီး ထိန်းကျောင်းပေးနိုင်မယ်လို့ တရုတ်အစိုးရပိုင်သတင်းမှာ CPI ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီစီမံချက်ကြောင့် အလုပ်အကိုင် ၄ သောင်းကျော် ဖန်တီးပေးနိုင်လိမ့်မယ် လို့လည်း တရုတ်ဘက်က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG