သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြုသဘောဆောင် ပြောင်းလဲမှု ဆက်လုပ်ဖို့ မြန်မာကို အမေရိကန်တိုက်တွန်း


ဗစ်တိုးရီးယား နျူလန် (အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန)

မြန်မာအစိုးရသစ်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုတွေ ပိုလုပ်လာသလို လူမှု လူ့အဖွဲ့အစည်းတွေနဲ့ ပိုမို ထိတွေ့ဆက်ဆံလာပြီး မြစ်ဆုံရေကာတာ စီမံကိန်းကို ဆက်မလုပ်တာလိုမျိုး အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေအတွက် အမေရိကန်နိုင်ငံက အားပေးနေသလို ဒိထက်ပိုပြီး လုပ်ဆောင်လာဖို့အတွက် အိမ်နီးချင်း နိုင်ငံကြီးတွေနဲ့ပါ ကြိုးစားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရက ပြောကြားလိုက်ပါတယ်။

အပြည့် အစုံကို ဒေါ်ခင်မျိုးသက်ကတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတာတွေ့ရပြီး ဒီပြောင်းလဲမှုတွေအတွက် အမေရိကန်အစိုးရက ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒီပြောင်းလဲမှုတွေနဲ့ မလုံလောက်သေးတဲ့အတွက် အရေးယူဒဏ်ခတ်မှုတွေကို ဆက်ပြီး ချထားဆဲပဲလို့ ကြာသာပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ဗစ်တိုးရီးယား နျူလန် (Victoria Nuland) ကပြောပါတယ်။

“မြန်မာနိုင်ငံအတွက် ကြည့်မယ်ဆိုရင် အမေရိကန်နိုင်ငံနဲ့တကွ ကမ္ဘာတလွှားက နိုင်ငံ အများအပြားကလည်း အရေးယူ ဒဏ်ခတ်မှုတွေ ပြင်းပြင်းထန်ထန် ချမှတ်ထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြန်လည် ပြုပြင်ပြောင်းလဲရေးသမားတွေ ပိုပြီး ရှိလာတာကို ကျမတို့က ကျေနပ်သလို အစိုးရပိုင်းကလည်း ပိုပြီး သဘောထား ပွင့်လင်းလာတာမို့ ကျမတို့နဲ့ လက်တွဲ လုပ်နိုင်လောက်တဲ့ အနေထားမျိုးရှိလာတာ တွေ့ရပါတယ်”

မြန်မာနိုင်ငံဟာ ခေါင်းဆောင်မှု အသစ်အောက်မှာ ရှိနေတာ တွေ့ရပြီး သဘောထားချင်း မတိုက်ဆိုင်တဲ့ အတိုက်အခံတွေနဲ့ပါ လက်တွဲ လုပ်ဆောင်လိုစိတ် ရှိတာတွေ့ရတယ်လို့ ပြောပါတယ်။ အထူးသဖြင့် ပြည်သူရဲ့အသံကို နားထောင်လာတာကို ဧရာဝတီ မြစ်ကြောင်းပေါ်က မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းအတွက် ရပ်ဆိုင်းထားမှုကနေ ပြသနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်လို့ အမေရိကန် အစိုးရက မြင်ပါတယ်။

“မြန်မာနိုင်ငံမှာ ဆက်လုပ်စရာတွေ သိပ်မကျန်တော့ဘူးလို့ ကျမတို့ မပြောပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အစိုးရသစ် တရပ် ရှိလာပြီး ဒီအစိုးရဟာ အရင် စစ်အစိုးရထက် ပိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတာတွေ၊ လူမှု လူ့အဖွဲ့အစည်းတွေနဲ့ ထိတွေ့ ဆက်ဆံတာတွေ၊ မြန်မာနိုင်ငံသားတွေကြား ပြဿနာဖြစ်စေတဲ့ မြန်မာနိုင်ငံမြောက်ဖျားက မြစ်ဆုံရေကာတာ တည်ဆောက်တာလိုမျိုး ကိစ္စမှာ ပြန်ပြီး စဉ်းစားပေးတာမျိုးတွေ လုပ်လာတာ တွေ့ရပါတယ်။ ဒီလို လုပ်ဆောင်မှုတွေအတွက် ကျမတို့က အားပေးချင်ပါတယ်။ ဒါတွေအတွက် အမေရိကန် အထူးသံတမန် ဒဲရစ် မစ်ချယ် (Derek Mitchell) က တာဝန်ယူ လုပ်ဆောင်နေသလို မကြာခင်မှာပဲ သူကိုယ်တိုင် ဘာတွေ လုပ်ဆောင်နေတယ်ဆိုတာတွေကို ပြောပြနိုင်မယ်လို့ မျှော်လင့်ပါတယ်”

အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေနဲ့ နိုင်ငံရေး ကစားရင်း အမြတ်ထုတ်ခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေ လက်အောက်မှာ မြန်မာ နိုင်ငံသားတွေဟာ နှစ်ပေါင်းများစွာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်ရေးတွေရဖို့ ကြိုးစားရုန်းကန်နေရတာမို့ အခုလို အပြောင်းအလဲတွေ ရှိလာတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပံ့ပိုးကူညီမှုတွေ ပေးနိုင်ဖို့ အမေရိကန်အစိုးရက အဲဒီနိုင်ငံတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေ ဆက်လုပ်နေတယ် လို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်နဲ့ရော အိန္ဒိယနိုင်ငံနဲ့ပါ ကျမတို့ ဆွေးနွေးပြောဆိုနေတာပါ။ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ နယူးရောက် မြို့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန် (Yang Jiechi )နဲ့ရော အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီး ကရစ်ရှနား (S. M. Krishna) နဲ့ပါ သီးခြားစီတွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံ အကြောင်းကို ဆွေးနွေးခဲ့ပါတယ်”

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ဗစ်တိုးရီးယား နျူလန် (Victoria Nuland) ကပြောသွားတာပါ။

XS
SM
MD
LG