သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှု အထက်လွှတ်တော်အမတ် မက်ကိန်းအမြင်


မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှု အထက်လွှတ်တော်အမတ် မက်ကိန်းအမြင်
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှု အထက်လွှတ်တော်အမတ် မက်ကိန်းအမြင်

အရီဇိုးနားပြည်နယ်က အထက်လွှတ်တော်အမတ်လည်းဖြစ်ပြီး တချိန်က အမေရိကန်သမ္မတလောင်း အဖြစ်လည်း ဝင်ရောက် အရွေးခံခဲ့ဖူးတဲ့ ဂျွန်မက်ကိန်းက မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တစိုက် မတ်မတ် ထောက်ခံလာခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ မြန်မာအစိုးရသစ် တက်လာပြီးတဲ့နောက် ဂျွန်လထဲမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာအစိုးရ ထိပ်တန်းအရာရှိတွေအပြင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်က တရုတ်နဲ့မြန်မာ ဖက်စပ်လုပ်ကိုင်နေတဲ့ မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းလိုက်တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒီဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း အောက်တိုဘာလ ၅ ရက်နေ့မှာ ကြေညာချက် တစောင် တုံ့ပြန် ထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါ်လှလှသန်းက မစ္စတာမက်ကိန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါ်လှလှသန်း။ ။ မြန်မာသမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ သီတင်းပတ်က မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းလိုက်တဲ့ ကြေညာချက်အပေါ် အထက်လွှတ်တော်အမတ်ရဲ့ အမြင်ကို သိချင်ပါတယ်ရှင်။

မစ္စတာ မက်ကိန်း။ ။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တာဟာ အရေးကြီးတဲ့ ခြေလှမ်း ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ အကြောင်းကတော့ ဧရာဝတီမြစ်ကို ပြန်ပြင်လို့ မရနိုင်တဲ့ပျက်စီးမှုမျိုး ဖြစ်စေပြီးတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လည်း ထိခိုက်မှု ကြီးမားစေရုံသာမက မြန်မာအစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ ခပ်ခွာခွာနေဖို့ လုပ်ဆောင်ရာကျတဲ့အတွက်လည်း ဒါဟာ ကျနော့်အမြင်အရ ကောင်းတဲ့ လက္ခဏာတရပ်ပါပဲ။

ဒေါ်လှလှသန်း။ ။ တနည်းပြောရရင်တော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲ လေပြည်လေညင်းတွေ စတင်တိုက်နေပြီလို့ ဆိုနိုင်ပါသလား။

မစ္စတာ မက်ကိန်း။ ။ ကျနော့်အနေနဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတချို့ကို မြင်တွေ့ နေရတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ ဒီအပြောင်းအလဲတွေက အကောင်းဘက်ကို ရှေ့ရှုမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ကျနော် မြန်မာနိုင်ငံကို လွန်ခဲ့တဲ့လ အနည်းငယ်က သွားရောက်ခဲ့စဉ်က မြန်မာအစိုးရကို ခြေလှမ်းတွေယူဖို့ တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC ကို အကျဉ်းထောင်တွေဆီ သွားရောက်ခွင့်ပြုဖို့ စသည်တို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေမှာ မူမမှန်မှုတွေ ရှိခဲ့ပေမယ့် ကျင်းပဖြစ်ခဲ့တာကိုတော့ ခြေလှမ်းအဖြစ် ရှုမြင်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အရင်ကထက် ပိုပြီးတော့ လွတ်လွတ်လပ်သွားလာခွင့် ရှိစေတဲ့အတွက်လည်း အကောင်းဘက်ကနေ ကျနော် ရှုမြင်နိုင်ပါတယ်။

ဒါပေမဲ့ သတိထားပြီးတော့မှ အကောင်းဘက်က ရှုမြင်ကြရမှာပါ။

ဒေါ်လှလှသန်း။ ။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တာဟာ ဒီမိုကရေစီနည်းကျတဲ့ လုပ်ရပ် ဖြစ်တယ်လို့ အထက်လွှတ်တော်အမတ်က ပြောထားတာ တွေ့ရပါတယ်။ အခုလို အကောင်းဘက်က ရှုမြင်တဲ့ ခြေလှမ်းတွေ မြင်တွေ့နေရပြီဆိုတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လျှော့ချဖို့ စဉ်းစားပေးနိုင်ပါသလား။

မစ္စတာ မက်ကိန်း။ ။ အရာရာတိုင်းက ဖြစ်နိုင်ပါတယ်။ အချိန်ကာလ ရွေ့လျားလာတာနဲ့အညီပေါ့။ ဒါပေမဲ့ နောက်ထပ် ခိုင်မာတဲ့ ခြေလှမ်းတွေတော့ ယူဖို့ လိုအပ်ပါလိမ့်မယ်။ မြစ်ဆုံစီမံကိန်း ရပ်တန့်လိုက်ခြင်းဟာ ကျနော့်ကြေညာချက်မှာ ပြောခဲ့တဲ့အတိုင်း ဒီမိုကရေစီနည်းကျတဲ့ ခြေလှမ်းပါပဲ။ နိုင်ငံသားတွေရဲ့ ဆန္ဒကို လိုက်လျှောခြင်းလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ဧရာဝတီမြစ်ကို ပျက်စီးစေရုံသာမက ဒီက ထုတ်လုပ်မယ့် ရေအားလျှပ်စစ်ဟာလည်း တရုတ်ကို အဓိကထား ရောင်းချမှာ ဖြစ်တာကြောင့်မို့ တရုတ်အတွက် အကျိုးအမြတ် အများကြီး ရဖို့ ရှိနေပါတယ်။

ဒေါ်လှလှသန်း။ ။ တရုတ်နိုင်ငံက ဒေါ်လာ ဘီလျှံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားတဲ့ ဒီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အပေါ် တရုတ်ရဲ့ အမျက်ကို မြန်မာအစိုးရက ခံနိုင်ရည်ရှိမှုအပေါ် အထက်လွှတ်တော်အမတ်ရဲ့ အမြင်ကို သိချင်ပါတယ်။

မစ္စတာ မက်ကိန်း။ ။ ကျနော့အထင်ကတော့ အခုလို မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်ရင် ရင်ဆိုင်ရမယ့် အခြေအနေတွေကို မြန်မာအစိုးရဘက်က ထည့်တွက်ပြီးသား ဖြစ်ပါလိမ့်မယ်။ ကျနော့်အမြင်ကတော့ မြန်မာနိုင်ငံရဲ့ လှပတဲ့ ဧရာဝတီမြစ်ကြီး ပျက်စီးမှာကို စိုးရိမ်တဲ့ နိုင်ငံသားတွေရဲ့အသံကို အစိုးရက နားထောင်တယ်လို့ ကျနော်ထင်ပါတယ်။

ဒေါ်လှလှသန်း။ ။ အနောက်အုပ်စုက ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံလက်ထဲရောက်အောင် တွန်းပို့ရာ ရောက်စေတယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိတာ တွေ့ရပါတယ်။ ဒီအပေါ် အထက်လွှတ်တော်အမတ်ရဲ့ အမြင်ကို သိချင်ပါတယ်။

မစ္စတာ မက်ကိန်း။ ။ ဒဏ်ခတ်ပိတ်ဆို့မှုတွေက ထိရောက်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့်ပဲ အာဏာရ အစိုးရဟာ အခုလို ခြေလှမ်းကို ယူလာတယ်လို့ ဆိုနိုင်ပါတယ်။ ကျနော်ထပ်ပြီး ပြောလိုတာကတော့ သူတို့ဘက်က နောက်ထပ် အခုလို ခြေလှမ်းတွေကို ယူမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း တလှမ်းချင်းစီပဲ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ တွန်းအားပေးနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ပြောဖို့ စောလွန်းပါသေးတယ်။ ထပ်ပြီး ပြောလိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ပိုပြီး လွတ်လပ်ခွင့်ပေးတာ၊ မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းတာ၊ ကျနော့်ကို မြန်မာနိုင်ငံကိုလာရောက်ပြီး တွေ့လိုသူတွေကို တွေ့ဆုံခွင့်ပေးခဲ့တာတွေကို ကြိုဆိုပါတယ်။

ဒါပေမဲ့ ရှေ့ဆက်ရမယ့် ခရီးက အရှည်ကြီးပဲ ရှိပါသေးတယ်။

ဒေါ်လှလှသန်း။ ။ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ပေါ်လစီ အပြောင်းအလဲ အလားအလာနဲ့ပတ်သက်လို့လည်း သိချင်ပါတယ်။

မစ္စတာ မက်ကိန်း။ ။ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပေါ်လစီက ရှင်းပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ခဲ့စဉ်က ပြောခဲ့သလိုပါပဲ။ ကျနော်တို့ဘက်က နှစ်နိုင်ငံကြား ဆက်ဆံရေး ကောင်းမွန်ဖို့ ခြေလှမ်း တလှမ်းချင်းစီ လှမ်းသွားဖို့ ကျနော်တို့ဘက်ကတော့ အဆင်သင့်ပါပဲ။ မြန်မာအစိုးရဘက်က အခုလိုပဲ ခြေလှမ်းတွေကိုယူပြဖို့ လိုအပ်ပါတယ်။

ဒေါ်လှလှသန်း။ ။ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကို အများကြီး ကျေးဇူးတင်ပါတယ်ရှင်။

XS
SM
MD
LG