ထိုင်းနိုင်ငံက ရေဘေးဒဏ်ခံနေရတဲ့ မြန်မာအလုပ်သမားတွေကို မြန်မာသံရုံးကနေ ကိုယ့်နိုင်ငံသား တွေကို အကူအညီပေးတဲ့အနေနဲ့ နယ်စပ်ကိုပြန်ဆင်းဖို့အတွက် ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသားဖြစ်ကြောင်း ပတ်စပို့စာအုပ်တွေကို ထုတ်ပေးခဲ့တာကြောင့် မြန်မာနိုင်ငံသားတွေ နေရပ်ရင်းကို ငွေကုန်စရာမလို့ဘဲ ပြန်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံက ရေဘေးဒဏ်ခံနေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ သံရုံးက အကူအညီပေးတာကတော့ နယ်စပ်ကိုပြန်ဆင်းဖို့အတွက် ယာယီပတ်စပို့စာအုပ်တွေကို ထုတ်ပေးခဲ့တာပါ။ ဒီလိုလုပ်ပေးတဲ့အတွက် အဖမ်းအဆီးမခံရဘဲ ထိုင်း၊ မြန်မာနယ်စပ် မဲဆောက်မြို့ကို ပြန်လို့ရပြီဖြစ်ကြောင်း ရာတ်ဘူရီရေဘေး ကယ်ဆယ်ရေးစခန်းကို ရောက်ရှိေနေတဲ့ မြန်မာအလုပ်သမားတဦးက ပြောပါတယ်။
“နခွမ်းပထုံမှာကတည်းက စာရင်းဇယားတွေ ကောက်တယ်ပေါ့နော်။ ဓာတ်ပုံတွေရိုက်ပြီးတော့ ဒီကျမှ စာအုပ်ထုတ်ပေးတာ။ ပြန်မယ့်သူတွေ စာအုပ်ပေးမယ်ပေါ့။ ဘာမှမရှိတဲ့သူတွေ၊ ဒီထိုင်းနိုင်ငံမှာ နေထိုင်ခွင့်မရှိတဲ့သူတွေကိုလည်း ပေးတယ်။ ဒါပေမယ့် မြန်မာပြည်မှတ်ပုံတင်လည်း မြန်မာပြည်နေတဲ့သူတွေကျ ပေးရတာပေါ့။ ပြန်လို့ရတယ်။ အောက်ရောက်တော့ သူတို့ လိုက်ပို့ပေးတယ်။ အဲဒီစာအုပ်နဲ့အဖမ်းခံရတာတော့ မကြုံသေးဘူး။ ဘာလို့လဲဆိုတော့ အဲဒီစာအုပ်နဲ့ကို တခါတည်း ကားပေါ်တက်ပေါ့နော်။ မဲဆောက်ပြန်မယ့်သူတွေကို မဲဆောက် တခါတည်း ခေါ်သွားပေးတယ်။
မြန်မာသံရုံးကနေ ဒီ ရေဘေးစခန်းကနေ ပြန်မယ့်သူတွေကို ကားနဲ့စီစဉ်ပေးတယ်ပေါ့။ ပြန်ဆင်းချင်တဲ့သူဆိုရင်တော့ စရိတ်တော့ မကုန်တော့ဘူးပေါ့။ ပေးတဲ့စာအုပ်ကတော့ ပြန်ဆင်းဖို့အရေးပဲ ပေးတဲ့သဘောပဲနဲ့ တူပါတယ်”
ဘန်ကောက်မြို့နဲ့အနီးတဝိုက်က ရေဘေးဒဏ်ခံနေရတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ပြန်လို့ မရသေးတဲ့ အခက်အခဲတွေ ရှိနေသေးသလို ကယ်ဆယ်ရေးးစခန်းတွေဆီ ရောက်အောင် မသွားနိုင်သေးတာတွေရှိတဲ့အတွက် စိုးရိမ်စရာအခြေအနေမှာ ရှိကြောင်း ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ မသက်သက်ဦးကလည်း ပြောပြပါတယ်။
“သိပ်ပြီးအလှမ်းဝေးတဲ့နေရာတွေမှာ ဖြစ်ဖြစ်ချင်း တလျှောက်လုံးက နည်းတဲ့အရှည်မိုင်ကြီးမဟုတ်ဘူး။ အဲဒါအားလုံးက ရေတွေရှိနေတယ်ဆိုတော့ ဘာကားမှမသွားဘူး။ သွားရင်လည်း စစ်ကားတွေ သွားတယ်။ ပြီးရင် အဲဒီကတဆင့်ပေ့ါနော်။ ဆိုင်ခလမ်းသွယ်၊ ဆိုင်ဆီလမ်းသွယ်၊ ဆိုင်ဆောင် လမ်းသွယ်တွေ သွားရတဲ့အခါ အဲဒီလမ်းသွယ်တွေကျတော့ ရေပိုနက်တယ်။
လည်ပင်းအထိနက်တာလည်းရှိတယ်။ ရင်ဘတ်အထိနက်တာလည်းရှိတယ်။ ကားတွေ တစီးမှ မသွားတဲ့ နေရာပေါ့နော်။ မြန်မာပြည်သားတွေကိုကျမတို့က မနေစေချင်ဘူး။ ရေရှည်မှာ သူတို့ကို အစားအသောက်လာပေးရမယ်ဆိုတာ အမြဲတမ်းလည်းမဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဘန်ကောက်တခွင်လုံးမှာ ရေလွှမ်းနေတော့ ဘယ်နေရာဒေသကမဆို အလုပ်သမားတွေက ဖုန်းဆက်လာပြီးတော့ သူတို့က အကူအညီတွေတောင်းတော့ အဲဒီလို အရေးပေါ်နေရာတွေကို ကိုယ်က သွားပေးရတဲ့အခါကျရင် လူမရောက်၊ ကားမရောက်တဲ့နေရာ ဖြစ်တဲ့အခါကျရင် သူတို့မှာ ရေရှည်အခက်အခဲတွေ ဖြစ်တယ်။ အဲဒီအတွက် အလုပ်သမားတွေကို အပြင်တွေကိုပေါ့နော်။ ခေါ်ပြီးတော့ ကယ်ဆယ်ရေးစခန်းကို ပို့ချင်တယ်။ ဒါပေမယ့် လုပ်သားက ဘာတွေဖြစ်လဲဆိုတော့ အလုပ်ရှင်က ပိုက်ဆံမရှင်းသေးတာ၊ တချို့အလုပ်ရုံက စာအုပ်တွေသိမ်းထားတာ၊ ဒီမှာ ဘန်ခဲမှာလည်း စာအုပ်သိမ်းထားတဲ့ ရုံတရုံရှိတယ်။ အဲဒီလိုဆိုတော့ သူတို့ လုံးဝမထွက်နိုင်တော့ဘူး ဖြစ်နေတယ်”
ရေဘေးကယ်ဆယ်ရေးစခန်းတွေကတော့ ရေတက်လာတိုင်း ပြောင်းရွှေ့ဖွင့်ထားရပြီး ရေဘေး ကယ်ဆယ်ရေးစခန်းကို အသစ်ဝင်ေရောက်လာနိုင်တဲ့ မြန်မာအလုပ်သမား အရေအတွက်တွေလည်း နည်းနေသေးတယ်လို့ ဆိုပါတယ်။
“အခုက ရတ်ပူလီ ရေဘေးစခန်းကိုရောက်လာပြီ။ ရတ်ပူလီရေဘေးစခန်းကနေ ပြန်ပို့ပေးနေတယ်။ ပြန်မယ့်သူတွေကို ပြန်ပို့ပေးနေတယ်။ အလုပ်ဆက်လုပ်မယ့်သူတွေကိုလည်း သဌေးတွေက လာခေါ်နေတာပဲ။ ထမဇာကနေ ဝါလေးခင်ဆိုတာကို၊ ဝါလေးခင်းကနေ နခွမ်းပထိုးလှမ်းဆင်း၊ အဲဒီက ရေကြီးတော့- နခွမ်းပထိုးမှာ ရေဝင်လာတော့မယ်ဆိုတော့ အခု ရတ်ပူလီကို ထပ်ရွှေ့လိုက်တာ။ အသစ်ဝင်လာတာတော့ မရှိတော့ဘူး။ လူဟောင်းတွေချည့်ပဲ အပြီးသတ်ထုတ်ပစ်တဲ့ သဘောလောက်ပဲ ရှိပါတယ်။ ”
ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၅၀ အတွင်း အဆိုးဝါးဆုံးရေဘေး ဖြစ်ပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် ရေဘေးကြောင့် လူ ၅၀၀ ကျော်လောက် အသက်ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။
စက်မူဇုန်ကြီးတွေကို ရေလွှမ်းသွားတဲ့အတွက်လည်း သောင်းနဲ့ချီရှိတဲ့ မြန်မာအလုပ်သမားတွေ အလုပ်လက်မဲ့တွေလည်း ဖြစ်ခဲ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နေရပ်ရင်းကိုပြန်ကြတဲ့ မြန်မာတွေ အနေနဲ့ ထိုင်းနိုင်ငံက နေထိုင်ခွင့်လက်မှတ်မရှိတာ၊ အလုပ်သမားလက်မှတ်မရှှိတာ၊ နယ်မြေဖြတ်ကျော်ခွင့်မရှိတဲ့ အလုပ်သမားလက်မှတ်တွေ ကိုင်ဆောင်ထားတာ ပတ်စပို့ သက်တမ်း ကုန်သွားကြတာတွေကြောင့် နယ်စပ်မှာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကိုခံရပြီးနောက် မြန်မာနိုင်ငံဘက်က ငွေညှစ်တောင်းခံမှုတွေကိုလည်း ပြီးခဲတဲ့လတွေတုန်းက ခံခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့အခုလိုမျိုး ထိုင်းနိုင်ငံက မြန်မာသံရုံးကလည်း အကူအညီပေးမူတွေ လုပ်လာသလို နယ်စပ်မှာလည်း ထိုင်း၊ မြန်မာအာဏာပိုင်တွေ ညှိနှိုင်းပြီး ငွေညှစ်တောင်းခံမှုတွေ မဖြစ်အောင် အရေးယူဆောင်ရွက်တာမျိုးတွေအပြင် ထိုင်း၊ မြန်မာနယ်စပ် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကနေ ရေဘေးပြန်တွေကို လွဲှပြောင်းလက်ခံယူတာတွေ လုပ်ခဲ့ပါတယ်ရှင်။