သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၁ သန်းအတွက် ပတ်စ်ပို့ အမြန်ဆုံးလုပ်ပေးဖို့ စီစဉ်


Burmese Deputy Labor Minister U Myint Thein, October 11, 2011.
Burmese Deputy Labor Minister U Myint Thein, October 11, 2011.

အိမ်နီးချင်းထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေ သန်းနဲ့ချီ ရောက်နေကြတာဟာ မြန်မာနိုင်ငံအတွက် လုပ်အားဆုံးရှုံးမှု ဖြစ်ပေမယ့် လောလောဆယ် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးမပေးနိုင်တဲ့အခြေအနေမှာ သစ်မရခင် ဝါး-ပေါင်းကွပ်တဲ့သဘောဖြစ်ပြီးတော့ အလုပ်သမားတွေအတွက်ရော နှစ်နိုင်ငံစလုံးအတွက်ပါ အကျိုးရှိပါတယ်လို့ မြန်မာအလုပ်သမား ဒု-ဝန်ကြီး ဦးမြင့်သိန်းက ပြောဆိုလိုက်ပါတယ်။ အလုပ်သမား ဒု-ဝန်ကြီး ဦးမြင့်သိန်းကို ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်းထားတာကို တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားအရေး ကိုင်တွယ်နေရတဲ့ ထိပ်ပိုင်း တာဝန်ရှိ ပုဂ္ဂိုလ်တယောက်အနေနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေ သန်းနဲ့ချီ အလုပ်လုပ်နေကြရလို့ နိုင်ငံအတွက် လုပ်အားတွေ နစ်နာဆုံးရှုံးရတာကို အသိအမှတ်ပြုတဲ့ တချိန်တည်းမှာပဲ နှစ်ဘက်စလုံးအတွက် အကျိုးရှိတယ်လို့ ဒု-ဝန်ကြီး ဦးမြင့်သိန်းက အခုလို ဆိုပါတယ်။

“နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် အလုပ်အကိုင်တွေ ဖန်တီးပေးတဲ့နေရာမှာ ထိုက်သင့်တဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိသေးတဲ့အတွက် တခြားရှိတဲ့ နေရာတွေမှာ လုပ်တာကိုင်တာဟာ ဒါကလည်း တိုင်းပြည်ကို ထိခိုက်တယ်လို့ ပြောလို့ မရပါဘူး။ တဘက်ကလည်းပဲ ကျနော်တို့ ခင်ဗျားတို့ မမြင်ရတဲ့ နိုင်ငံတော်ကို ပြန်ပို့နေတဲ့ ငွေတွေဟာ အမြောက်အများ ဝင်နေပါတယ်။ ဒီအချိန်မှာတော့ သစ်မရခင် ဝါးပေါင်းကွပ်ဆိုသလိုပဲ အကျိုးတော့ ရှိသင့်သလောက် ရှိပါတယ်။ တခုပဲ ခုနက ခင်ဗျားပြောသလိုပေါ့။ ထိုက်သင့်တဲ့အကာအကွယ် မပေးရင်တော့- မပေးနိုင်ရင်တော့ မကောင်းဘူးပေါ့ဗျာ။ အာဆီယံထဲမှာသော်လည်းကောင်း၊ GMS ထဲမှာသော်လည်းကောင်း၊ ကျနော်တို့အလုပ်သမားတွေ တန်းတူရည်တူ အခွင့်အရေးတွေ ရဖို့အတွက်ကို ကျနော်တို့က လုပ်ပေးနိုင်မယ်ဆိုရင် ဒါဟာ ထိုက်သင့်တဲ့အကျိုး ရှိတယ်လို့ပဲ ကျနော်တို့က ပြောရပါမယ်”

ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ ထိုင်းနိုင်ငံမှာ တရားမဝင်ရောက်ရှိနေကြတဲ့ မြန်မာအလုပ်သမားတွေ တရားဝင်စာရွက်စာတမ်းတွေ ထုတ်ပေးရေး စိစစ်တာတွေလုပ်ပြီးတော့ မှတ်ပုံတင်၊ နောက် - ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ အစီအစဉ်ကို အကောင်အထည် ဖော်ကြတဲ့နေရာမှာ ကြန့်ကြာတဲ့ အခက်အခဲတွေ ရှိနေတာကြောင့် နှစ်နိုင်ငံ တာဝန်ရှိပုဂ္ဂိုလ်တွေ ညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ တရားဝင်မှတ်ပုံတင်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဒု-ဝန်ကြီး ဦးမြင့်သိန်းက အခုလို ရှင်းပြပါတယ်။

“အကြမ်းဖျင်း ကျနော်တို့ သိထားတာက ဒီမှာ benefaction ပေါ့နော်။ Registration လုပ်ပြီးသားက IOM ရဲ့ စာရင်းတွေအရက ၆ သိန်းခွဲ လောက် ရှိတယ်။ ၆ သိန်းခွဲလောက်ရှိပြီးတော့ ပြီးခဲ့တဲ့ ကာလတွေတုန်းက ၃ သိန်းခွဲလောက်က သူတို့ benefaction မလုပ်ရသေးဘူး။ Registration လုပ်ပြီးသား။ အဲဒီတော့ benefaction လုပ်ဖို့ Registration လုပ်ပြီးသားက ၁ သန်းလောက် ရှိနေပြီ။ အဲဒီ ၁ သန်းလောက်ကို ကျနော်တို့က ပတ်စ်ပို့ အမြန်ဆုံးလုပ်ပေးရမယ်”

ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားတွေ အများဆုံး ရှိနေကြတဲ့ မဟာချိုင်လို၊ စမော့စခုံလို၊ ချင်းမိုင်လို နေရာမျိုး ၅ နေရာကိုရွေးပြီးတော့ ယာယီ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးခွဲတွေ ဖွင့်လှစ် အကူအညီပေးနိုင်ဖို့အတွက် နှစ်ဘက် ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။

ထိုင်းအလုပ်သမား တာဝန်ရှိသူတွေကတော့ အခု ဆွေးနွေးညှိနှိုင်းနေတဲ့ ထိုင်းနိုင်ငံထဲက ၅ နေရာအပြင် လောလောဆယ် ပိတ်ထားတဲ့ မြဝတီမြို့နဲ့ တာချီလိတ်မြို့တွေက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးခွဲတွေကိုလည်း ထိုင်းနိုင်ငံဘက်က ရနောင်းနဲ့ မဲဆိုင်ဘက်မှာ ဖွင့်လှစ်ပေးနိုင်ရင် ပိုပြီး အဆင်ပြေမှာဖြစ်တယ်လို့ ပြန်လည်အဆိုပြုခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားဦးရေ တိုးလာတာနဲ့အမျှ မြန်မာအလုပ်သမားတွေအတွက် ထိုင်းအလုပ်သမားတွေလိုပဲ အနိမ့်ဆုံး လုပ်ခ လစာငွေ တနေ့ကို ပျှမ်းမျှ ဘတ် ၃၀၀ ရရှိရေး၊ အလုပ်သမားအကျိုးခံစားခွင့် ကိစ္စ အပြည့်အ၀ ရရှိရေး၊ အနှိမ်ခံ၊ အနစ်နာခံ ဘဝကနေ အကာအကွယ်ပေးရေး စတာတွေကိုလည်း ထိုင်းနိုင်ငံဘက်နဲ့ ဆွေးနွေးနေတယ်လို့ ဒု-ဝန်ကြီး ဦးမြင့်သိန်းက အခုလို ရှင်းပြသွားပါတယ်။

“ဒီအစည်းအဝေးမှာ ကျနော်ပြောတာကတော့ သူတို့ လတ်တလော အဓိကကျတဲ့ အချက်အလက်တွေကို ချက်ခြင်းပြန်ပြီးတော့ ပေါင်းစပ် ညှိနှိုင်းမပေးနိုင်ရင်တောင်မှ သူတို့ ဒီအချက်တွေကို မှတ်တမ်းတင်ရမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က သူတို့နဲ့ ၃ လတကြိမ် အပြန်အလှန် ဆွေးနွေးမှုတွေ ရှိတာကိုး။ အဲဒီအချိန်တွေမှာ ကျနော်တို့က ပြည့်စုံအောင် လုပ်ရမယ့် အနေအထားတွေ ရှိပါတယ်။ ကျနော်တို့က နောက်ပိုင်းမှာ Labor Attaché တယောက် ဒီမှာထားမယ်။ ကျနော်တို့ သမ္မတကြီးက ခွင့်ပြုလိုက်ပြီ။ စောနိုင်သမျှစောအောင် ကျနော်တို့က ပို့တော့မယ်"

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို လေကြောင်းခရီးနဲ့ မြန်မာအလုပ်သမားတွေ တင်ပို့ရေး စိုင်းပြင်းနေတဲ့ တချိန်တည်းမှာပဲ နယ်စပ်ဒေသတွေကနေ ဝင်ရောက်နေကျ အလုပ်သမားတွေကိုလည်း တားဆီးပိတ်ပင်မှာ မဟုတ်ဘူးလို့ ဒု-ဝန်ကြီး ဦးမြင့်သိန်းက ပြောဆိုသွားပါတယ်ရှင်။

XS
SM
MD
LG