၂၀၀၇ ခုနှစ်၊ ရွေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပြီးတဲ့ နောက်ပိုင်းမှာ ထိုင်း-မြန်မာ နယ်စပ်၊ အုန်းဖြန်ဒုက္ခသည်စခန်းမှာ သီတင်းသုံးနေထိုင်ခဲ့ကြတဲ့ သံဃာတော် ၂ ပါး ဖြစ်တဲ့ ကျော်တော်ကျောင်းထိုင် ဆရာတော် ဦးဝိသုဒ္ဓနဲ့ ရန်ကုန်ကိုးထပ်ကြီးကျောင်းက ဦးနန္ဒိယတို့ ၂ ပါးဟာ နိုင်ငံရေးအရ ဖြစ်ထွန်း တိုးတက်မူတွေ ရှိလာပြီး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတော့မယ် ဆိုတဲ့ မြန်မာအစိုးရရဲ့သတင်းတွေကြောင့် အောက်တိုဘာလ၁၁ရက်မှာပဲထိုင်းမြန်မာနယ်စပ်၊ မြ၀တီမြို့က နေရပ်ရပ်ရင်းကို ပြန်ခဲ့ကြပါတယ်။ ဒီအကြောင်း မအေးမာက သတင်းပေးပို့ထားပါတယ်။
ရွှေဝါရောင်သံဃာလှုပ်ရှားမှုမှာပါတဲ့ သံဃာ၂ ပါးဟာ အုန်းဖြန်ဒုက္ခသည်စခန်းမှာ ဒုက္ခသည်အဖြစ် လျောက်ထားရာကနေ အောက်တိုဘာလ ၁၁ ရက်နေ့မှာပဲ မဲဆောက် မြ၀တီလမ်းကနေ မြန်မာနိုင်ငံကိုပြန်သွားခဲပါတယ်။
သက်တော် ၅၁၊ ၀ါတော် ၁၃ ၀ါ ရှိတဲ့ ဦးဝိသုဒ္ဓကတော့ ဖြစ်ထွန်းတိုးတက်မူတွေ မြင်နေရပြီ ဆိုပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာကြောင့် ပြန်သွားတာလို့ ဆိုပါတယ်။
“ဦးဇင်းတို့ကတော့ အခုလက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးထားတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောတယ်။ ဒီမကြာမီအချိန်အတောအတွင်းမှာအကောင်းဘက်လမ်းကြောင်းပေါ်ကို ရောက်လာမယ်ဆိုပြီး ပြောထားတယ်။ ဧရာဝတီမြစ်ဆုံ ရေကာတာတို့ ဘာတို့ကိုလည်း ပြည်သူ့အလိုကျ လိုက်လျှောတာကို မြင်ရတယ်။ အဲဒါကြောင့် အကောင်းဘက်ကို ရောက်လာလိမ့်မယ်လို့ ဦးဇင်းတို့က အဲလိုပဲ ခန့်မှန်းထားတယ်”
ဦးဝိသုဒ္ဓဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးမှာပါဝင်ခဲ့ဖူးပြီး နှစ်ရှည်ထောင်ကျခံဖူးပါတယ်။ သာယာဝတီထောင်ထဲကနေ လွတ်မြောက် လာပြီးတဲ့နောက် ၂၀၀၉ ခုနှစ်မှာ အုန်ုဖြန် ဒုက္ခသည်စခန်းထဲကို ရောက်လာတာဖြစ်ပါတယ်။ သူဟာ မကျန်းမမာဖြစ်နေတဲ့ မိခင်အိုကြီးကို တွေ့လိုတာကြောင့် နေရပ်ရင်းကို ပြန်တာလို့လည်း ဆိုပါတယ်။
၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာလှုပ်ရှားမှုမှာပါဝင်ပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ ဦးနန္ဒိယကတော့ ဘာသာရေးအလုပ်တွေကို ပြည်တွင်းမှာပဲ ပြန်လုပ်မှာကြောင့် နေရပ်ရင်းကို ပြန်ခဲ့တာလို့ ဆိုပါတယ်။
“ရန်ကုန် ဦးဇင်းတို့ အရင်ကျောင်းကိုပဲ ပြန်ကြွမယ်လို့ စိတ်ကူးထားတယ်။ အရင် ကျောင်း ကိုးထပ်ကြီး ကိုပဲ ပြန်ကြွမယ်။ အေးအေးဆေးဆေး ရှိပြီဆိုတော့ ကိုယ့်ကျောင်းမှာပဲ ပြန်နေဖို့ စိတ်ကူးထားတယ်”
သံဃာ၂ ပါး ဟာ မြ၀တီမြို့ကိုရောက်တာနဲ့ သက်ဆိုင်ရာ ရဲစခန်းနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့များထံ သွားရောက်ပြီး သူတို့ နေရပ်ရင်း ပြန်မယ့် အကြောင်း ပြောမယ်လို့ ဆိုပါတယ်။
“သက်ဆိုင်ရာ စရဖပဲဖြစ်ဖြစ် အကြောင်းကြားမယ်လေ။ ဦးပဇင်းတို့ အကြောင်းကြားပြီးမှ ဦးပဇင်းတို့ ဒီလို ဒီလို ၀င်လာပြီ၊ အဲဒီတော့ ဦးပဇင်းတို့ နေရပ်ကို အေးအေးဆေးဆေးပြန်ချင်တယ်လို့ ပြောဖို့ စီစဉ်ထားတယ်။”
ပြည်ပမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကိုနေရပ်ရင်းပြန်နိုင်ဖို့အတွက် သမ္မတဦးသိန်းစိန်က ဖိတ်ခေါ်မူတွေ လုပ်အပြီးမှာတော့ သူတို့ နေရပ်ရင်ပြန်ရေးကိစ္စအတွက် စိုးရိမ်ပူပန်မူ မဖြစ်ခဲ့ကြောင်း၊ အကျဉ်းသားတွေ လွှတ်ပေးမယ်လို့လည်း ကြေညာ ပြောဆိုတဲ့အတွက် မြန်မာ့အရေးဟာ တိုးတက်လာပြီလို့ မျှော်မှန်းထားကြောင်း၊ ဒိအတွက် နေရပ်ရင်းကို ပြန်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ သံဃာ ၂ ပါးက ပြောပါတယ်။