Ukraine နိုင်ငံမှာ အာဏာအလွဲသုံးစားလုပ်မှုမှာ ပါဝင် ပါတ်သက်နေတဲ့ အမှုတွေနဲ့ တရားစွဲခံရတဲ့ ဝန်ကြီးချုပ်ဟောင်း Yulia Tymoshenko ကို အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်ချလိုက်တဲ့အပေါ်မှာ အင်မတန် စိတ်ပျက်တယ်လို့ EU ဥရောပသမဂ္ဂက ပြောလိုက်ပါတယ်။
Kyiv တရားရုံးတခုက တရားသူကြီး Rodion Kireyev ကဒီကနေ့မှာ ပြစ်ဒဏ်ချလိုက်တာပါ။ လက်ရှိအတိုက်အခံ ခေါင်းဆောင်ဖြစ်နေတဲ့ Ms. Tymoshenko ဟာ သူဝန်ကြီးချုပ်ဖြစ်နေစဉ် 2009 ခုနှစ်က Russia နဲ့ သဘာဝ ဓာတ်ငွေ့ဆိုင်ရာ သဘောတူစာချုပ်ခဲ့တာဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ခဲ့တယ်ဆိုတာ ရှင်းနေကြောင်း၊ ဒီသဘောတူမှုကြောင့် Ukraine ဘဏ္ဍာ ဒေါ်လာသန်း ၂၀၀ နီးပါး ဆုံးရှုံးခဲ့ရတယ်လို့ တရားသူကြီးက ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း Tymoshenko က သူ့မှာပြစ်မရှိကြောင်း ထပ်တလဲလဲ ပြောကြားခဲ့ပြီး သူ့ရဲ့ ရှေ့နေကလည်း ပြစ်ဒဏ်အတွက် အယူခံဝင်မယ်လို့ ပြောပါတယ်။
အခုအမှုဟာ နိုင်ငံရေးအရ လက်ရှိသမ္မတ Viktor Yanukovych က သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်ကိုရှင်းပစ်ဖို့ ရည်ရွယ်လုပ်တဲ့ အမှုဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ပြစ်ဒဏ်ချလိုက်တဲ့အပေါ် Russia နိုင်ငံကလည်း ဝေဖန်လိုက်ပါတယ်။
Kyiv တရားရုံးက Ms. Tymoshenko ကို ပြစ်ဒဏ်ချလိုက်တာကိုကြည့်ခြင်းဖြင့် Russia ဆန့်ကျင်ရေး သဘောထား ရှိနေတယ်ဆိုတာ ပေါ်လွင်တယ်လို့ Russia နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြစ်ဒဏ်ချပြီးနောက်မှာ ပြောကြားခဲ့ပါတယ်။ ဒီအမှုဟာ နိုင်ငံတကာ စံချိန် စံနှုန်းတွေကို အလေးမထားခဲ့ဘဲ ပြစ်ဒဏ်ချလိုက်တဲ့အတွက် EU ဥရောပသမဂ္ဂနဲ့ Ukraine ကြား ဆက်ဆံရေးမှာ သိမ်မွေ့ နက်နဲတဲ့ ဂယက်ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ EU နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ Catherine Ashton ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ တကယ်လို့ Ms. Tymoshenko ကို ထောင်ချလိုက်ရင် ဒါမှမဟုတ် 2012 လွှတ်တော် ရွေးကောက်ပွဲမတိုင်ခင် ရွေးကောက်ပွဲဝင်ခွင့် တားခဲ့မယ်ဆိုရင် EU နဲ့ Ukraine ကြား နိုင်ငံရေးအရဆက်ဆံမှုနဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့်ကို ဘယ်တော့မှာ သဘောတူနိုင်မှာ မဟုတ်ဘူးလို့ EU သံတမန်တွေက သတိပေးထားတာဖြစ်ပါတယ်။
ဥရောပသမဂ္ဂအပြင် အမေရိကန်ပြည်ထောင်စုကလည်း ဒီအမှုဟာ နိုင်ငံရေးအရ တရားစွဲတဲ့အမှု ဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ကြပါတယ်။ Ms. Tymoshenko ရဲ့ Fatherland Party ထောက်ခံသူ ထောင်နဲ့ချီဟာ တရားရုံးပင်မ အဆောက်အအုံရှေ့မှာ ဒီကနေ့ စုဝေးအင်အားပြခဲ့ကြပါတယ်။