သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်နိုင်ငံရေးအကျဉ်းသား အားလုံး ဆက်လွှတ်ဖို့ နိုင်ငံတကာ တိုက်တွန်း


အောက်တိုဘာ ၁၂ ရက်နေ့က ပြန်လွတ်လာမည့် အကျဉ်းသားများကို အင်းစိန်အကျဉ်းထောင်ရှေ့ စောင့်နေကြသည့် မိသားစုဝင်များ။ (ဓာတ်ပုံ၊ အေပီ၊ အောက်တိုဘာ ၂၀၁၁)
အောက်တိုဘာ ၁၂ ရက်နေ့က ပြန်လွတ်လာမည့် အကျဉ်းသားများကို အင်းစိန်အကျဉ်းထောင်ရှေ့ စောင့်နေကြသည့် မိသားစုဝင်များ။ (ဓာတ်ပုံ၊ အေပီ၊ အောက်တိုဘာ ၂၀၁၁)

မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်လာတဲ့အထဲ နိုင်ငံရေး အကျဉ်းသားအချို့ ပါဝင်တာတွေ့ရပေမယ့် ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလည်း လွှတ်ပေးဖို့ လိုမယ်လို့ အမေရိကန်ပြည်ထောင်စုရော အီးယူ ဥရောပသမဂ္ဂကပါ မြန်မာအစိုးရကို တောင်းဆိုပါတယ်။ အခု လွတ်လာသူတွေ စာရင်းအတိအကျ မသိရသေးတာကြောင့်လည်း၊ အခြေအနေတွေကို သတိတကြီးနဲ့ စောင့်ကြည့်နေကြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

ဒါကြောင့် အကျဉ်းသားတွေ လွတ်တဲ့အပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်ချက်တွေကိုကြည့်ရင် အတော်လေး သတိတကြီးနဲ့ စောင့်ကြည့်အကဲခတ်နေတာတွေ့ရမှာပါ။ အထူးသဖြင့်တော့ အခု လွတ်တဲ့အထဲ နိုင်ငံရေးအကျဉ်းသား ဘယ်လောက် ပါဝင်မလဲဆိုတာကို စောင့်ကြည့်နေပါတယ်။ တကယ်ကလည်း နိုင်ငံတကာရဲ့ လိုလားချက်က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ဖြစ်ပေမယ့် မြန်မာအစိုးရဘက်က လွှတ်လိုက်တိုင်း နိုင်ငံရေးအကျဉ်းသားတွေထက် သာမန်ရာဇဝတ်မှုအကျဉ်းသားက အများစု ဖြစ်ဖြစ် နေပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အရေးပါတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်တွေထဲ ကျန်နေဆဲဖြစ်ပြီး ဒီလူတွေကို အားလုံးကို ပြန်လွှတ်ပေးဖို့လိုမယ်လို့ တောင်းဆိုထားပါတယ်။

“၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့၊လူနည်းစု တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားအများစုဟာ အဖမ်းဆီး၊ အထိမ်းသိမ်းခံနေရဆဲရှိပါတယ်။ အကျဉ်းသားလွတ်တဲ့စာရင်းကို အသေးစိတ်သိရအောင် လုပ်နေပါတယ်။ ဘယ် နိုင်ငံရေးအကျဉ်းသားမဆို လွတ်လာတာ ကြိုဆိုပါတယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလည်း လွှတ်ပေးဖို့ တောင်းဆိုပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ကို နိုင်ငံခြားရေးဌာန အရာရှိတဦးက ဖတ်ပြပေးခဲ့တာပါ။ လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသားပေါင်း ၆,၀၀၀ ကျော်ကို လွှတ်မယ်ဆိုတဲ့ နေရာမှာလည်း အကျဉ်းသားတွေ ဘယ်သူဘယ်ဝါ လွှတ်ပေးမယ်ဆိုတာ အစိုးရဘက်က ထုတ်ပြန်တာမရှိပါဘူး။ ဒါကြောင့်လည်း မိသားစုဝင်တွေအနေနဲ့ လွတ်မလွတ် ကြိုမသိရဘဲ ထောင်တွေရှေ့ သွားစောင့်နေရတဲ့ဘ၀ ရောက်ခဲ့ပါတယ်။ နိုင်ငံခြားရေးဌာနကတော့ လွတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားအချို့ပါဝင်တယ်ဆိုတာ သိရတဲ့အကြောင်း ပြောပါတယ်။

“အခု အောက်တိုဘာလ ၁၂ ရက်နေ့မှာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ အစိုးရက ကြေညာလိုက်ပေမယ့်လည်း ဘယ်သူတွေကို လွှတ်မယ်ဆိုတာကို အစိုးရက အသေအချာ ထုတ်ပြန်ပေးတာမရှိပါဘူး။ ကြားရတဲ့အထဲမှာတော့ အခု လွှတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ နာမည်ကျော် လူရွှင်တော် ဇာဂနာ ပါအဝင် နိုင်ငံရေး အကျဉ်းသားအချို့ ပါတယ်လို့ သိရပါတယ်”

အမေရိကန် အောက်လွှတ်တော် ဒီမိုကရက်တစ်အမတ် Joe Crowley ကလည်း အခု ဒီကိစ္စအပေါ် ကြေညာချက်ထုတ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးခံထားရတဲ့ အပြစ်မဲ့အရပ်သားအချို့ လွတ်လာတဲ့အပေါ်မှာ ဝမ်းသာပေမယ့်လို့ မှားယွင်းပြီး ဖမ်းခံထားရသူ အားလုံးကို ပြန်မလွှတ်ပေးတဲ့အပေါ်မှာ စိတ်ပျက်ရပါတယ်လို့ မစ္စတာ ခရော်လေက ပြောပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ တကယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလုပ်မယ်ဆိုရင် အပြောတင်မဟုတ်ဘဲ သတ္တိရှိရှိ ရဲရဲတင်းတင်းနဲ့ သိသာထင်ရှားတဲ့လုပ်ရပ်တွေ လုပ်သွားဖို့ လိုမယ်ဆိုပြီး မြန်မာအစိုးရကို တိုက်တွန်းပါတယ်။ ကျန်နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ အောက်လွှတ်တော်အမတ် Joe Crowley က မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားအချို့ လွတ်မြောက်လာတဲ့အပေါ်မှာ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ပြောခွင့်ရသူ Catherine Ashton ရဲ့ ပြောခွင့်ရသူက ကြေညာချက်ထုတ်ရာမှာ ကျန် နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာဖို့ အီးယူအနေနဲ့ ဆက်ပြီး တိုက်တွန်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အခု နိုင်ငံရေးအကျဉ်းသားအချို့ လွှတ်ပေးလိုက်တာဟာ မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးရေးနဲ့ အခြေခံရပိုင်ခွင့်တွေကို လေးစားလိုက်နာပါ့မယ်လို့ သမ္မတရဲ့ ကတိကဝတ်တွေအတိုင်း အစိုးရသစ်က ဆောင်ရွက်တယ် လက္ခဏာဖြစ်တယ်ဆိုပြီးတော့လည်း အီးယူက ကြိုဆိုခဲ့ပါတယ်။

လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားအရည်အတွက်အပေါ်တည်ပြီး ဘယ်လောက် လမ်းမှန်အတိုင်း ဆောင်ရွက်လာပြီလဲ အကဲဖြတ်ရပါလိမ့်မယ်။ ဒီအခြေအနေတွေအပေါ်မှာ အရေးယူဒဏ်ခတ်မှုတွေကို ပြန်လည်စဉ်းစားမယ်ဆိုပြီးတော့လည်း အီးယူနိုင်ငံခြားရေး မူဝါဒအကြီးအကဲ ပြောခွင့်ရသူက သတင်းဌာနတွေကို ပြောခဲ့ပါတယ်။

အာရှဘက်မှာတော့ ဖိလစ်ပိုင်သမ္မတ Benigno Aquino က အခုဖြစ်ရပ်ဟာ ကတိပေးထားတဲ့ ကိစ္စတွေ ဖြစ်လာပြီး ဒီမိုကရေစီအနည်းအကျဉ်း လမ်းပွင့်လာတယ်လို့ ယူဆတဲ့အကြောင်းနဲ့ ဆက်ပြီးလုပ်ဆောင်သွားဖို့ အားပေးတိုက်တွန်းသွားမယ့်အကြောင်း အေအက်ဖ်ပီ သတင်းဌာနကို ပြောသွားပါတယ်။ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် Osamu Fujimura ကလည်း အခု လွတ်ငြိမ်းချမ်းသာခွင့်ဟာ အစကောင်းဖြစ်ပြီး ကျန်နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လွှတ်သွားဖို့ မြန်မာအစိုးရကို တိုက်တွန်းတဲ့အကြောင်း ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေ ပိုပြီး အရှိန်မြှင့်လုပ်ဆောင်သွားဖို့ကိုလည်း ဂျပန်အစိုးရက မြန်မာကို တိုက်တွန်းပါတယ်။

လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နာတာလီဂဝါကလည်း အခုလို နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာဟာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အခြေခံကောင်းတွေဖြစ်လာဖို့ အင်ဒိုနီးရှားနိုင်ငံရဲ့ မျှော်လင့်ချက်နဲ့လည်း ကိုက်ညီပါတယ်လို့ ပြောပါတယ်။ မစ္စတာနာတာလီဂဝါဟာ မြန်မာကိုလာမယ့် ၂၀၁၄ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သင့်မသင့် လေ့လာဆန်းစစ်ဖို့အတွက် လာမယ့် အောက်တိုဘာ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။

XS
SM
MD
LG