သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ဘ၀ ထူထောင်နိုင်ရေး ကူညီကြဖို့ ဦးဝင်းတင်တိုက်တွန်း


U Win Tin and Phyu Naychi Min Yu
U Win Tin and Phyu Naychi Min Yu

နိုင်ငံရေးအကျဉ်းသားတွေကို အခုလွှတ်ပေးရုံနဲ့မပြီးဘဲ သူတို့ ပြန်လွတ်လာပြီးတဲ့နောက်ပိုင်းမှာလည်း သူတို့ ဘဝတွေ နေသားကျအောင် ကူညီပံ့ပိုးပေးကြဖို့လိုမယ်လို့ အန်အယ်လ်ဒီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောဆိုပါတယ်။ အခုလို ပြောဆိုမှုနဲ့အတူ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား အချို့ရဲ့အမြင်၊ သူတို့ရဲ့ခံစားမှုတွေကို ကိုသားညွန့်ဦးက စုစည်းတင်ပြပေးထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတဲ့မနေ့ကပဲ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာတော့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ကနေပြီးတော့ အန်အယ်လ်ဒီ ခေါင်းဆောင်သုံးဦးဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို သီတင်းကျွတ် အခါသမယ စုပေါင်း ဂါရဝပြုပွဲ လုပ်ခဲ့ပါတယ်။ သူတို့သုံးဦးစလုံးဟာလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ပါတယ်။ အဲဒီမှာ ဦးဝင်းတင်ကတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်လာပြီးတဲ့နောက်မှာလည်း မတည်မငြိမ်ဖြစ်ခဲ့တဲ့ သူတို့ဘဝတွေ ပြန်လည် နေသားတကျဖြစ်ဖို့ ဝိုင်းဝန်းကူညီဖို့ လိုမယ်လို့ တိုက်တွန်းသွားပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးဟာ သူတို့ရဲ့ ဘဝတွေ ရှိကြတယ်။ သူတို့ရဲ့ဘဝတွေဟာ ရဲဘော်တွေရဲ့ နိုင်ငံရေးဘဝတွေဟာ ပြန်လည်ထူထောင်ဖို့၊ တည်ဆောက်ဖို့ ကိစ္စတွေမှာ တို့အားလုံးက ဝိုင်းဝန်းပြီးတော့ကာ သူတို့ကို ရှင်းပြဖို့လိုမယ်။ သူတို့ကို အခြေအနေအကုန်လုံးကို ပြန်ပြီး သုံးသပ်နိုင်အောင် ဖန်တီးပေးဖို့လိုမယ်။ အဲဒီလို သူတို့ရဲ့ဘဝတွေ ပြန်လည်ထူထောင်ရေးဟာ အလွန် အရေးကြီးပါတယ်”

မနေ့က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား အတော်များများကတော့ သူတို့လွတ်လာတဲ့အခြေအနေကို ဝမ်းသာမှုဖြစ်ရမှာထက် သူတို့နဲ့အတူ အဖမ်းဆီးခံခဲ့ရသူတွေ၊ ကျန် နိုင်ငံရေးအကျဉ်းသားတွေ ပြန်မလွတ်လာတဲ့ အပေါ်မှာ စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ ခန္တီးထောင်ကနေ ပြန်လွတ်တဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် မစုစုနွေးက အစိုးရအနေနဲ့ အပြုသဘောဆောင်မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့လိုမယ်လို့ ပြောပါတယ်။

“သမီးတို့နိုင်ငံကို တကယ် အပြုသဘောနဲ့ ဆောင်မယ် ဆိုရင်တော့ပေါ့နော်။ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးသင့်ပါတယ်။ ထောင်ထဲမှာက သတင်းစာတွေ၊ ဂျာနယ်တွေကိုပဲ ဖတ်ပြီးတော့ သတင်းစာတွေ၊ ဂျာနယ်တွေ ရေးထားတဲ့အပေါ်မှာ ဆုံးဖြတ်ခဲ့ရတာ။ အဲဒီတော့ အပြင်မှာ နိုင်ငံတော်သမ္မတကြီးအနေနဲ့ သူတို့ ဘယ်လိုမျိုး ဆောင်ရွက်ထားသလဲဆိုတာ မျက်စေ့နဲ့လည်း ကြည့်ချင်ပါသေးတယ်”

မော်လမြိုင်ထောင်က ပြန်လွတ်လာသူ ကိုမိုးထက်လျှံက နိုင်ငံရေးအကျဉ်းသားတွေကို ရှေ့ဆက် နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင် ပတ်သက်ခွင့်ပေးဖို့ လိုအပ်မယ်လို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။

“အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံလိုပဲ အသုံးချနေတယ်လို့ ခံစားရတယ်။ အတိုက်အခံတွေဘက်မှာလည်း စာခြောက်ရုပ်အစာလှန့်ဖို့၊ ဒါမှ မဟုတ် နောက် ဥပမာတခု ပြောရမယ်ဆိုရင် ထိုးစစ်ဆင်ဖို့ နောက်ကနေ အကူပစ်ပေးနေရတဲ့ သေနတ်ကြီးတွေလို သဘောမထားကြပါနဲ့လို့။ ကျနော်တို့က လူတွေကိုချစ်တယ်။ ကျနော်တို့ကို စောင့်မျှော်နေတဲ့ မိသားစုတွေ ရှိတယ်။ အဲဒီတော့ ရှေ့ဆက်မယ့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာလည်း ပါဝင်နိုင်ဖို့ အရေးကြီးပါတယ်။ ကျနော်တို့တွေက ယုံကြည်ချက်ကြောင့် အကျဉ်းကျရတာပေါ့နော်။ ယုံကြည်တာဟာ ထောင်ထဲက အကျဉ်းသားတွေကို မေးကြည့်မယ် ဆိုလို့ရှိရင် ဒီမိုကရေစီ အစိုးရဖြစ်ဖို့ရယ်၊ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ကို ရောက်ဖို့ရယ်၊ ဆိုတော့- အခု ကျနော်တို့ ယုံကြည်အပ်နှံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို သွားတယ်။ သူ့ရဲ့ မဟာဗျူဟာကို ကျနော်တို့က ပံ့ပိုးပေးနိုင်မယ့် နည်းဗျူဟာတွေ များများလုပ်ချင်တယ်ပေါ့နော်။ ဒီလိုအချိန်မှာ အတိုက်အခံတွေ အနေနဲ့လည်း ကိုယ့်ခေါင်းဆောင်ရဲ့ မဟာဗျူဟာကို အလေးအနက် စဉ်းစားစေချင်တယ်ပေါ့နော်”

လွတ်ရက်နီးပြီး ပြန်လွတ်လာတဲ့ ကျောင်းသူ မနှင်းပွင့်ဝေကတော့ သူနဲ့လုပ်ဖော်ကိုင်ဘက်တွေ လွတ်တဲ့အထဲ ပါမလာတဲ့အပေါ် စိတ်မကောင်းဖြစ်နေပါတယ်။ လွတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား အင်မတန်နည်းတယ်လို့ သူက ယူဆပါတယ်။

“သိပ်တော့ အဝမ်းသာကြီးတော့ မရှိဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လူတွေလည်း အကုန်မပါဘူး။ ကိုယ်ကလည်း လွတ်ရက်ကလည်း စေ့ကာနီး ပြန်လွတ်တဲ့ပုံစံမျိုးပေါ့။ တခြားလွတ်တဲ့သူတွေအတွက်တော့ ဝမ်းသာပါတယ်။ အခု လွတ်တာကလည်း တကယ်တန်းပြောရလို့ရှိရင် ရှိတဲ့လူနဲ့စာရင် ရာခိုင်နှုန်းက တော်တော်နည်းပါတယ်။ အဲဒီအတွက် စိတ်မကောင်းဖြစ်တာပေါ့နော်။ ကျမတို့ ထောင်မှာဆိုလို့ရှိရင် ကိုကျော်ကိုကိုတို့၊ မဟန်နီဦးတို့၊ ကိုဒီငြိမ်းလင်းတို့၊ ကိုစည်သူမောင်တို့ အခုထိ မလွတ်သေးဘူး။ အဲဒီအတွက်လည်း စိတ်မကောင်းဖြစ်ပါတယ်။ လုပ်စရာတွေကတော့ အများကြီးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အချင်းချင်း ပြန်စုစည်းပြီးတော့ ရှေ့ဆက်သွားရမယ့် လမ်းတွေက အများကြီးပဲ”

တကယ်တော့ အခု လွတ်လာသူ အများစုဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုလှုပ်ရှားရင်း အဖမ်းခံခဲ့ရသူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူတို့လွတ်လာတဲ့အပေါ် ဝမ်းသာရမှာထက် ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်မလွတ်သေးတဲ့အပေါ်မှာ အားမလိုအားမရ ဖြစ်နေတာကို တွေ့ရပါတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွတ်လာမှပဲ သူတို့လိုလားရာ သူတို့လုပ်ချင်တာတွေကို လုပ်သွားနိုင်မယ်လို့ ယူဆပြောဆိုမှုတွေ တွေ့ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG