သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဥက္ကဋ္ဌဖြစ်ရေး အာဆီယံ အကဲဖြတ်ဦးမည်


မြန်မာဥက္ကဋ္ဌဖြစ်ရေး အာဆီယံ အကဲဖြတ်ဦးမည်
မြန်မာဥက္ကဋ္ဌဖြစ်ရေး အာဆီယံ အကဲဖြတ်ဦးမည်

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ရည်မှန်းချက်တွေ အောင်မြင်အောင်လို့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ အာဆီယံအဖွဲ့ကလည်း တောင်းဆိုလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွှတ်ပေးတဲ့အပေါ် ကြိုဆိုသလို နောက်ထပ် အပြုသဘောဆောင် တိုးတက်မှုတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းထဲ မြန်မာနိုင်ငံ ဝင်ဆန့်ဖို့အတွက်ကိုလည်း အာဆီယံက ကြိုဆိုလိုပါတယ်လို့ အတွင်းရေးမှူးချုပ် စူရင်ပစ်ဆူဝမ်က VOA မြန်မာပိုင်းကို ပြောပါ တယ်။ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးဖို့အတွက် သုံးသပ် အကဲဖြတ်စရာတွေ ရှိနေသေးတဲ့အတွက်လည်း မဆုံးဖြတ်ရသေးပါဘူးလို့ မစ္စတာ ပစ်ဆူဝမ်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား၂၀၀ ကျော်အပါအဝင် အကျဉ်းသား ၆၃၀၀ ကျော် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်တာကို အာဆီယံ အရှေ့တောင် အာရှနိုင်ငံများ အသင်းအနေနဲ့ကြိုဆို လိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အရေအတွက် အတိအကျ မပြောနိုင်ပေမယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ဘယ်သူ့ကိုမဆို ဆက်လက် လွှတ်ပေးမှသာ အမျိုးသား ရင်ကြားစေ့ရေး ရည်မှန်းချက်အောင်မြင်မှာ ဖြစ်တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ စူရင်ပစ်ဆူဝမ်က ဗီအိုအေကို အခုလို ပြောပြ
ပါတယ်။

“မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်း တိုးတက်မှုတွေအတွက် အာဆီယံက အားတက်နေပါတယ်တဲ့။ အပြုသဘောဆောင်တဲ့ လမ်းကြောင်း ပေါ်ကိုဆက်ပြီး ဒိထက်မက ဦးတည်သွားမယ်ဆိုရင် အာဆီယံက ကြိုဆိုမှာဖြစ်တယ်တဲ့။ အဲ့ဒါကတော့အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို တရွေ့ရွေ့ဆက်ပြီး လှမ်းသွားလိမ့်မယ်လို့လဲ မျှော်လင့်ကြပါတယ်တဲ့။ ဒါမှသာ မြန်မာနိုင်ငံ ကိုနိုင်ငံတကာ အသိုင်းအဝိုင်း ထဲပြန်လည်ဝင်ဆံ့အောင် ကူညီနိုင်မှာဖြစ် တယ်လို့ ပြောဆို သွားတာဖြစ်ပါတယ်။”

၂၀၁၄ခုနှစ်မှာအာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူဖို့ အဆိုပြုထားတဲ့မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှု တွေကိုအာဆီယံ ခေါင်းဆောင်တွေက မျက်ခြေမပြတ် အကဲခတ် စောင့်ကြည့်နေကြတယ်လို့လည်း ဒေါက်တာ Surin Pitsuwan က အခုလို ပြောဆိုပါတယ်။

“မြန်မာနိုင်ငံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးရေးကိစ္စ စဉ်းစားကိုင်တွယ်နေဆဲဖြစ်ပါတယ်တဲ့။ တကယ့်ကို အရေးတယူ ကိုင်တွယ်နေတဲ့ကိစ္စ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အာဆီယံ ခေါင်းဆောင်တွေက သတင်းအချက်အလက်တွေ ဒီ့ထက်မက ပိုပြီးရရှိအောင် စောင့်ဆိုင်းနေကြပါတယ်တဲ့။ အခြေအနေအရပ်ရပ်ကို အကဲဖြတ်တဲ့နေရာမှာ အကျိုးခံစားခွင့်အချို့ ရနိုင်တယ်လို့ ခန့်မှန်းတဲ့အကြောင်း ပြောဆိုသွားတာပါ။”

မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်တွေကို အာဆီယံ အသင်းကြီးကသာ မကဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ အကြောင်းကိုလည်း ဒေါက်တာ Surin Pitsuwan က သုံးသပ်သွားပါသေးတယ်။

တချိန်တည်းမှာပဲ ဂျပန်အစိုးရအဖွဲ့ ဝန်ကြီးOsamu Fujumura ကမြန်မာအစိုးရက နိုင်ငံရေး ကျဉ်းသား၂၀၀ ကျော် အပါအဝင် အကျဉ်းသား ၆,၀၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ပေးတာဟာ တိုးတက်တဲ့ ခြေလှမ်းအဖြစ် အသိအမှတ်ပြုလိုက်ပေမယ်လို့ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး တိုက်တွန်းလိုက်ပါတယ်။ဂျပန်အစိုးရရဲ့မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်နဲ့ ပက်သက်ပြီးတော့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့တောင်အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Shinji Minami က ဗီအိုအေကို အခုလို ပြောပြပါတယ်။

“မြန်မာနိုင်ငံရဲ့ လတ်တလော နိုင်ငံရေးဖြစ်ထွန်းမှုတွေဟာ အပြုသဘောဆောင်တဲ့ ရှေ့ကိုဆက် လျှောက်လှမ်းမယ့် ခြေလှမ်း ဖြစ်မယ်လို့ ဂျပန်နိုင်အနေနဲ့ ယူဆပါတယ်တဲ့။ အခု အကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဂျပန်နိုင်ငံက အသိအမှတ်ပြုပါတယ်တဲ့။ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ လှုပ်ရှားမှုမှန်သမျှကို အားပေးထောက်ခံလိုပါတယ်လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။”

တဆက်တည်းမှာပဲ AMPIC မြန်မာ့အရေး အာဆီယံလွှတ်တော် အမတ်များအဖွဲ့ ဥက္ကဋ္ဌ Eva Sundari ကလည်း ၈၈ ကျောင်းသား ခေါင်းဆောင်တွေ၊ ရွှေဝါရောင်လှုပ်ရှားမှု ဦးဆောင်သံဃာတော်တွေကို လွှတ်မပေးသေးတာဟာ ပြုပြင်ပြောင်းလဲမှုအတွက် အဟန့်အတား ဖြစ်စေတယ်။ နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် ဓားစာခံတွေအဖြစ် အသုံးချခံနေရတယ်လို့ လွှတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားအချို့က ယူဆကြတဲ့အပေါ်မှာ အခုလို သုံးသပ် လိုက်ပါတယ်။

“ဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပိတ်ဆို့နေတဲ့ အတားအဆီးတခု ဖြစ်ပါတယ်တဲ့။ နိုင်ငံရေး ကစားကွက် ဖြစ်တယ် ဆိုတာကိုလည်း အထိုက်အလျောက် သဘောပေါက်မိပါတယ်တဲ့။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် သိသာထင်ရှားတဲ့ ထူးကဲတဲ့ လှုပ်ရှားမှုတွေ အကောင်အထည် ဖော်တာကို မကြာခင် တွေ့မြင်နိုင်မယ်လို့ မျှော်လင့်နေတဲ့ အကြောင်း ပြောဆိုသွားတာဖြစ်ပါတယ်”

XS
SM
MD
LG