စီးပွားရေး၊ ကုန်သွယ်ရေးမှာသာမက လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွေမှာပါ မြန်မာနဲ့ အိန္ဒိယတို့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဒုတိယနေ့အဖြစ်နဲ့ သမ္မတဦးသိန်းစိန် ရောက်နေချိန်မှာ မြန်မာအစိုးရသစ်အနေနဲ့ လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပိုပြီးတော့ လုပ်ဆောင်ပေးဖို့အတွက်ကိုလည်း မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အခု ကြားရတဲ့ အသံတွေကတော့ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံကို လာရောက်စဉ်ကာလအတွင်း သူ့အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ပိုမိုလက်တွေ့ကျကျ ဆောင်ရွက်စေဖို့အတွက် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဆန္ဒပြနေတဲ့ အသံတွေဖြစ်ပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူ တဦးဖြစ်တဲ့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာဇော်ဝင်းအောင်က ဆန္ဒပြရတဲ့အကြောင်းကို အခုလို ရှင်းပြပါတယ်။
“မြန်မာနိုင်ငံထဲမှာတော့ သူတို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်ပေါ့နော်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပိုပြီး လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်နိုင်ဖို့ ။ နောက်ပြီး နောက်ထပ် လိုအပ်နေသေးတဲ့ ဥပမာ ဆိုပါတော့ဗျာ- ပြည်တွင်းငြိမ်းချမ်းရေးတို့၊ ပြည်တွင်းစစ်ရပ်စဲရေးတို့ အဲဒီကိစ္စတွေနဲ့ ပတ်သက်တဲ့ ကျနော်တို့ သဘောထား ဆန္ဒကိုလည်း ဖော်ထုတ်ပြသတဲ့အနေနဲ့ ကျနော်တို့ ဒီခရီးစဉ်အတွင်း ဆန္ဒပြတာပါ။ မြစ်ဆုံဆည် စီမံကိန်းရပ်ဆိုင်းတဲ့ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ ကိစ္စ ဒါတွေလည်း ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ အဲလိုပဲ အသိအမှတ်ပြုရုံနဲ့ ငြိမ်ထိုင်နေလို့ မဖြစ်ပါဘူး။ ကျနော်တို့ အသံကို၊ ကျနော်တို့ ဘာလိုချင်လဲ၊ ဘာဖြစ်ချင်လဲ၊ ကျနော်တို့ ရည်ရွယ်ချက်ဘာရှိလဲ။ ဒါတော့ကျနော်တို့ ပြောရမှာပါပဲ ခင်ဗျ”
နယူးဒေလီမြို့ ဆန္ဒပြပွဲကို အိန္ဒိယနိုင်ငံရောက် မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူ ၁၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ဗုဒဟူးနေ့ ညနေကတည်းက အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
မနက်ဖန်မနက်မှာ တရားဝင် နိုင်ငံတော်ခရီးစဉ်ကို စတင်မှာဖြစ်ပြီး ဒီခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စနဲ့ နယ်စပ်လုံခြုံရေး ကိစ္စတွေကို အလေးထား ဆွေးနွေးမှာဖြစ်သလို ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးဖွယ်ရှိနေပါတယ်။
အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Mr Vishnu Prakash ကတော့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးဖို့ ရှိပေမဲ့ ဘယ်လို သဘောတူညီချက်တွေဆိုတာကိုတော့ အသေးစိတ်ကိုတော့ မပြောပါဘူး။