သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကုလနဲ့အမေရိကန် အနီးကပ်စောင့်ကြည့်


နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကုလနဲ့အမေရိကန် အနီးကပ်စောင့်ကြည့်
နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကုလနဲ့အမေရိကန် အနီးကပ်စောင့်ကြည့်

သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြန်မာနိုင်ငံမှာ အကျဉ်းသား ၆,၀၀၀ ကျော်ကို အောက်တိုဘာလ ၁၀ ရက်နေ့က လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်သာ ပါဝင်တာကြောင့် ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်သလိုပဲ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေကိုလည်း နီးနီးကပ်ကပ် စောင့်ကြည့်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ဒေါ်ခင်မျိုးသက်က အပြည့်အစုံ တင်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့က သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာခဲ့တဲ့ အကျဉ်းသားတွေထဲမှာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ ပါနေတာမို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကြိုဆိုတယ်လို့ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Eduardo Del Buey က ပြောပါတယ်။

“ထင်ရှားတဲ့သူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား တချို့ကို လွှတ်ပေးခဲ့တဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကိုပါ လွှတ်ပေးမယ်လို့ သူ မျှော်လင့်ထားပါတယ်။ မြန်မာအစိုးရအနေနဲ့ အခြေခံဥပဒေတွေကို လေးစားဖို့နဲ့ တရားဥပဒေ စိုးမိုးမှုရှိဖို့အတွက် အာမခံထားတာတွေကို ဆက်ပြီးတော့ အကောင်အထည်ဖော်သွားဖို့ လိုပါတယ်”

အခုလို နိုင်ငံရေးအကျဉ်းသားတချို့ လွတ်မြောက်လာပေမဲ့ အကျဉ်းကျနေသူ အများအပြား ကျန်နေသေးတာမို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို အတွင်းရေးမှူးချုပ်က အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။

“သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ထပ်ပါမလဲ ဆိုတာကို အတွင်းရေးမှူးချုပ်က အနီးကပ် စောင့်ကြည့်နေပါတယ်။ မြန်မာ အစိုးရအဖွဲ့အနေနဲ့ တရားဥပဒေ စိုးမိုးမှုရှိဖို့နဲ့ လူ့အခွင့်အရေး လေးစား လိုက်နာမှုရှိဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြင်ချင်တယ် ဆိုတာကိုလည်း အတွင်းရေးမှူးချုပ်က ပြတ်ပြတ်သားသား ပြောထားပြီးသားပါ”

အမေရိကန်နိုင်ငံကလည်း မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးခဲ့တဲ့အတွက် ကြိုဆိုတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Victoria Nuland က ကြာသာပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်သလို အခုလို လွှတ်ပေးတာဟာ အရေးပါတဲ့ ခြေလှမ်းတရပ်ကို လှမ်းလိုက်တာလို့လည်း ပြောပါတယ်။

“အခုလို နိုင်ငံရေးအကျဉ်းသား တချို့ကို လွှတ်ပေးလိုက်တာဟာ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ ခြေလှမ်းတရပ်ကို လှမ်းလိုက်တာလို့ ကျမ တို့က မြင်ပါတယ်။ ဒါဟာ မြန်မာလူထုရဲ့ဆန္ဒကို တုံ့ပြန်တာတမျိုး ဖြစ်လို့ပါ။ ဒါပေမဲ့ လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာရင်း အပြည့်အစုံကိုတော့ ကျမတို့ မတွေ့ရသေးပါဘူးရှင်”

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ လွှတ်ပေးမယ့် အကျဉ်းသား ၆,၃၅၉ ဦးစလုံးကို ဗုဒ္ဓဟူးနေ့မှာ လွှတ်ပေးလိုက်ပြီလို့ ပြည်ထဲရေး ဝန်ကြီးက ပြောကြားကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားက ၂၂၀ ပါဝင်နေတာမို့ အကျဉ်းကျခံနေရတဲ့ ၂၀၀၀ ကျော်နဲ့ယှဉ်ရင် လွှတ်ပေးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟာ နည်းပါးနေသေးတယ်လို့ နိုင်ငံရေးလှုပ်ရှားသူတွေက သုံးသပ်ပါတယ်။ အမေရိကန် အစိုးရကလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ အများအပြား ရှိနေအုံးမယ်လို့ ယုံကြည်တာမို့ သူတို့အားလုံးကို လွှတ်ပေးဖို့ အတွက် တောင်းဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အများကြီး ရှိနေအုံးမယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ သူတို့အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ မြန်မာအစိုးရရဲ့ အခုလုပ်ရပ်ဟာ အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်တဲ့ အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်က မြန်မာအစိုးရနဲ့ရော တခြားအစိုးရတွေနဲ့ပါ ဆက်လက် ဆွေးနွေးသွားဖို့ ရှိပါတယ်”

အမေရိကန်လွှတ်တော်အမတ်တွေကလည်း မြန်မာအစိုးရရဲ့ ဗုဒ္ဓဟူးနေ့က လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေး အကျဉ်းသားတွေ ပါလာတဲ့ အတွက် ကြိုဆိုခဲ့ပါတယ်။ ဒါပေမဲ့ အထက်လွှတ်တော် အနည်းစု အမတ်များခေါင်းဆောင် ရီပတ်ဘလီကင် အထက် လွှတ်တော်အမတ် မစ်ချ်၊ မက်ကောနဲလ် က အခု လွှတ်ပေးလိုက်တဲ့ နိုင်ငံရေး အကျဉ်းသားတွေမှာ တကယ့်လွတ်လပ်ခွင့် ရှိမရှိ မေးခွန်းထုတ်ခဲ့ပါတယ်။ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက်တစ်ပါတီအမတ် ဂျွန်ကယ်ရီ ကတော့ မြန်မာနိုင်ငံမှာ အစိုးရအပေါ် ဝေဖန်တဲ့ အပြစ်မဲ့တဲ့ သူတွေကို ထောင်ချထားတာဟာ မှားတယ်လို့ အစိုးရရဲ့ လူ့အခွင့်အရေး ကော်မရှင် အသစ်က ပြောကြားနေချိန်မှာပဲ နိုင်ငံရေး အကျဉ်းသား တချို့ကို လွှတ်ပေးတာဟာ ဒီမိုကရေစီ ခြေလှမ်းတရပ်ကို လှမ်းလိုက်တာဖြစ်တယ်လို့ မြင်ပါတယ်။

ဒါပေမဲ့ အခုလို လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် အစိုးရက ဘယ်လို ဆက်ပြီး ဆက်ဆံဖို့ ရှိတယ် ဆိုတာနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ဆက်ပြီး လွှတ်ပေးဖို့ ရှိမရှိ စောင့်ကြည့်ပြီး တကယ့် အပြောင်းအလဲတွေ မြန်မာနိုင်ငံမှာ လုပ်မလုပ် ဆန်းစစ်မယ်လို့ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG