သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲ မမြင်ရသေး


မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲ မမြင်ရသေး
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲ မမြင်ရသေး

မြန်မာပြည်မှာ အရပ်သားအစိုးရ ပေါ်လာပြီးနောက်ပိုင်း အပြောင်းအလဲတချို့ ဖြစ်ပေါ်လာနေတာတွေဟာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ မဟုတ်နိုင်ဘူးလို့ အမေရိကန်ရောက် မြန်မာ့အရေး စောင့်ကြည့်လှုပ်ရှားသူ တချို့က ယူဆနေပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က Heritage Foundation အဆောက်အဦးမှာ မနေ့က ကျင်းပခဲ့တဲ့ မြန်မာ့အရေး ဟောပြောဆွေးနွေးပွဲ တခုအတွင်း အမေရိကန် အစိုးရအနေနဲ့ မြန်မာပြည်က အပြောင်းအလဲတွေကို သတိကြီးကြီးထားပြီး တုံ့ပြန်ကြဖို့ မြန်မာ့အရေး စောင့်ကြည့် လေ့လာနေသူတွေက တိုက်တွန်းခဲ့ကြပါတယ်။ ဒီအကြောင်း ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

အခမ်းအနားမှာ အဓိက ပြောဆိုကြတာကတော့ မြန်မာပြည်မှာ အရပ်သားအစိုးရဖြစ်လာပြီး သမ္မတဦးသိန်းစိန်က ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာတွေ၊ နိုင်ငံရေး အကျဉ်းသားတချို့ကို ပြန်လွှတ်ပေးတာတွေဟာ တကယ်ပဲ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဟုတ်မဟုတ်ဆိုတာကို သေသေချာချာ လေ့လာစောင့်ကြည့်နေမှ ဖြစ်မယ့်အကြောင်း၊ တကယ်ပဲ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ မဟုတ်ဘဲ မျှော်လင့်ချက်ထားပြီး မတုံ့ပြန်မိဖို့ သတိထားရမှာ ဖြစ်တဲ့အကြောင်း ပြောကြပါတယ်။

မြန်မာပြည်ရဲ့အခြေအနေဟာ ကောင်းမွန်တဲ့ဘက်ကိုသွားမယ့် လမ်းဆုံလမ်းခွကို ရောက်နေပြီလို့ ပြောနေကြပေမဲ့ အရပ်သားအစိုးရသစ်ထဲမှာ အရင် စစ်အစိုးရခေါင်းဆောင်တွေပဲ ကြီးစိုးနေပြီး သူတို့လုပ်ရပ်တွေဟာ တကယ်ပဲ အပြုသဘော ဆောင်တယ်ဆိုတာကို ယုံရခက်တယ်လို့ US Campaign for Burma အဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ဆိုပါတယ်။

မြန်မာပြည်မှာ အရေးကြီးတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ ရှိလာနေပြီလား ဆိုတာကို အချက် ၄ ချက်နဲ့ တိုင်းတာပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်နဲ့ ချက်ချင်းလွှတ်သလား၊ တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်မှုတွေ ရပ်ပြီလား။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရပ်ပြီလား။ နိုင်ငံရေးဖြစ်စဉ်မှာ လူတိုင်း၊ အဖွဲ့တိုင်း လွတ်လွတ်လပ်လပ် ပါဝင် လှုပ်ရှားခွင့်ရပြီလားဆိုတာနဲ့ သဘာ၀ ဘေးအန္တရာယ်တွေကြောင့် ဒုက္ခရောက်နေတဲ့ ဒေသတွေကို နိုင်ငံတကာက အကူအညီပေးတဲ့ အဖွဲ့အစည်းတွေ ဝင်ရောက်ခွင့်ရပြီလား ဆိုတဲ့အချက်တွေပါပဲ။ ဒီအချက်တွေအားလုံး တခုမှ ပြည့်ပြည့်၀၀ မရှိသေးတဲ့အတွက် မြန်မာပြည်မှာ စစ်မှန်တဲ့တိုးတက်မှုတွေ မရှိသေးပါဘူးလို့ ဦးအောင်ဒင်က ပြောသွားခဲ့တာပါ။

Human Rights Watch လူအခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ရဲ့ ဝါရှင်တန်ဒီစီရုံးခွဲက ညွန်ကြားရေးမှူးTom Malinowski ကတော့ မြန်မာပြည်မှာ အခုတလောဖြစ်ပျက်နေတာတွေက မြန်မာအစိုးရက သူ့မှာ တရားဝင်မှု ရှိတဲ့အကြောင်း နိုင်ငံတကာကို သွေးတိုးစမ်းနေတာလို့ ဆိုပါတယ်။

အကျဉ်းသားတွေကိုလွတ်ငြိမ်းချမ်းသာ ခွင့်ပေးတယ်ဆိုတာက လူသားချင်းစာနာမှု ရှုဒေါင့်ကကြည့်ရင် ဝမ်းသာစရာကောင်းတယ်ဆိုပေမဲ့ ဒါဟာ နိုင်ငံရေးအရ ထူးခြားတဲ့ အပြောင်းအလဲတစ်ခု မဟုတ်ပါဘူး။ သူတို့အစိုးရကို နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုလာအောင် ကြိုးပမ်းနေတာပဲဖြစ်တယ်လို့ ပြောသွားခဲ့တာပါ။

နောက်တစ်ခု သတိထားသင့်တာက ပြုပြင်ပြောင်းလဲရေး ဆိုတာပါပဲ။ အခုလိုအကျဉ်းသားတွေကို လွှတ်ပေးတာဟာ ပြုပြင်ပြောင်းလဲရေး လုပ်တာမဟုတ်ပါဘူး။ ထောင်သားတွေကို လွှတ်ပေးတာ သက်သက်ပါပဲ။ ဥပဒေတွေကို ပြောင်းလဲတာမဟုတ်ပါဘူး။ ဒါကို ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ ဥပဒေတွေကိုပြောင်းလဲ ကျင့်သုံးလာမှ ပြုပြင်ပြောင်းလဲတယ်လို့ ပြောရမှာပါ။ ဒီ အချက်တွေကို အမေရိကန် အစိုးရဘက်ကလည်း သေသေချာချာ သတိထား ကြည့်နေဖို့လိုပါတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က Tom Malinowski ပြောသွားခဲ့တာပါ။

အခမ်းအနားမှာ ပင်တိုင် ပြောဆိုသူတဦးကတော့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ Freedom Now အဖွဲ့က ရှေ့နေ Jared Genser ပါပဲ။ သူကလည်း မြန်မာပြည်မှာ ထူးခြားတဲ့တိုးတက်ပြောင်းလဲမှုတွေ မမြင်ရသေးဘူးလို့ ဆိုပါတယ်။

ကျနော့်အတွက်တော့ မြန်မာအစိုးရရဲ့လုပ်ရပ်တွေက အခုချိန်ထိတော့ သိသာတဲ့ထူးခြားမှုတွေ မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံကြတယ် ဆိုတာမျိုးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တုန်းကလည်း တွေ့ခဲ့တာပဲ။ ဘာမှမထူးခဲ့ဘူး။ အကျဉ်းသားတွေ လွှတ်ပေးတာလည်း ဒီလိုပဲ၊ အရင်က လူတွေ လုပ်ခဲ့တာနဲ့ ဘယ်လောက်များထူးခြားလို့လဲ။ နိုင်ငံရေးအရ ဘာတွေ ပြောင်းလဲလာနေလို့လဲ လို့ပြောသွားခဲ့တာပါ။

ဒီ ဟောပြောဆွေးနွေးပွဲကို ကျင်းပပေးခဲ့တဲ့ ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် Heritage Foundation ဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေကို ဖြစ်ထွန်းတည်တန့်အောင် အားပေးတဲ့ မူဝါဒတွေကိုချမှတ်ရေး သုတေသနပြုတဲ့ အဖွဲ့အစည်းတခု ဖြစ်သလို အစိုးရနဲ့မသက်ဆိုင်တဲ့ ရှေးရိုးစွဲဝါဒီအဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ အခမ်းအနားကို မြန်မာ့အရေး စိတ်ဝင်စားသူတွေ ၄၀ လောက် တက်ရောက်ခဲ့ပြီး မြန်မာနဲ့တရုတ် ဆက်ဆံရေးအခြေအနေတွေ၊ အာဆီယံနဲ့မြန်မာ ဆက်ဆံရေး အလားအလာတွေကိုပါ ပြောဆိုဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG