ဥရောပတိုက်မှာ ဘဏ္ဍာငွေကြေး အကျပ်အတည်း ဆိုက်နေတာနဲ့ အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးဖွယ် အလားအလာတွေကြောင့် အာရှတိုက်ရဲ့ စီးပွားရေး တိုးတက်မှုပေါ် ထိခိုက်နိုင်ဖွယ် အလားအလာတွေ တိုးလာနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ပြောပါတယ်။
ဒီကနေ့ ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ ၂ နှစ်တကြိမ် အစီရင်ခံစာထဲမှာ အာရှတိုက်ရဲ့ ဒီနှစ်အတွက် တိုးတက်မှုနှုန်းကို ၆.၃ ရာခိုင်နှုန်းနဲ့ ၂၀၁၂ ခုနှစ်အတွက်တော့ ၆.၇ ရာခိုင်နှုန်းရှိမယ်လို့ လျှော့ချ ခန့်မှန်းထားပါတယ်။ အရင်တုန်းကတော့ အဲဒီ ၂ နှစ်စလုံး အတွက် တိုးတက်မှုနှုန်းကို ၇ ရာခိုင်နှုန်းထိ ရှိမယ်လို့ ခန့်မှန်းခဲ့တာပါ။
ပြည်တွင်း ၀ယ်လိုအားဟာ အာရှတိုက်မှာ ဆက်ပြီး အားကောင်းနေသေးပေမဲ့ ဥရောပနဲ့ အမေရိကန်တို့မှာ စီးပွားရေးအခြေအနေ အပြောင်းအလဲတွေကြောင့် အားနည်းနေတုန်းပဲလို့ အစီရင်ခံစာက ပြောပါတယ်။ အာရှဒေသနဲ့ ဥရောပ၊ အမေရိကန်တို့အကြား ကုန်သွယ်မှုဟာ ကုန်သွယ်မှုတရပ်လုံးရဲ့ သုံးပုံတပုံ ရှိပါတယ်။ အဲဒီဈေးကွက်တွေမှာ အလားအလာမကောင်းတာတွေက အာရှ တိုက်အတွက် သေချာပေါက်ကို စိုးရိမ်ဖွယ်ဖြစ်တယ်လို့ IMF အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။