သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းကျဆဲ သတင်းသမားတွေကို လွှတ်ပေးဖို့ CPJ တောင်းဆို


အကျဉ်းကျဆဲ သတင်းသမားတွေကို လွှတ်ပေးဖို့ CPJ တောင်းဆို
အကျဉ်းကျဆဲ သတင်းသမားတွေကို လွှတ်ပေးဖို့ CPJ တောင်းဆို

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်နဲ့အညီ နိုင်ငံအနှံ့မှာရှိတဲ့ အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား တွေထဲက သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အကျဉ်းသား ၆,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတဲ့အကြောင်း မြန်မာအစိုးရက အင်္ဂါနေ့မှာ ကြေညာလိုက်ပြီးတဲ့နောက် နောက်တနေ့မှာ အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။

အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၀၀ ဝန်းကျင်လောက်လည်း ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ အခုလို ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့ နေရာမှာ လက်တဆုပ်စာ စာ၊ နယ်၊ ဇင်း လောကသားတွေပါဝင်ပြီး သတင်းမီဒီယာသမားဆိုလို့ နာမည်ကျော် လူရွှင်တော် တဦးလည်းဖြစ်၊ ဘလော့ဂါတဦးလည်းဖြစ်တဲ့ ကိုသူရ (ခေါ်) ကိုဇာဂနာ တဦးပဲ ပါဝင်ပါတယ်။

အကျဉ်းသားလွတ်မြောက်မှု အခြေအနေကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာသတင်းများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကြီးဖြစ်တဲ့ CPJ က မြန်မာသတင်းသမားတွေကို ဆက်လက်ထိမ်းသားထားတဲ့အပေါ် စိတ်ပူပန်မိကြောင်း ပြောဆို ပါတယ်။ စုံစမ်း မေးမြန်းထားတဲ့ ဦးစံမိုဝေက တင်ပြထားပါတယ်။

Committee to Protect Journalists (CPJ) လို့အမည်ရတဲ့ နယူးယောက်မြို့ အခြေစိုက် သတင်းသမားများ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ကြီးက စွယ်စုံအနုပညာရှင် လူရွှင်တော် ကိုဇာဂနာ ပြန်လည်လွတ်မြောက်လာတဲ့အတွက် ကြိုဆို လိုက်ပေမယ့် ထောင်ဒဏ်ကျခံနေရတဲ့ တခြားသတင်းသမား အများစု ပြန်လည်လွတ်မြောက်လာခြင်း မရှိတဲ့အတွက် စိတ်မသက်မသာဖြစ်ရကြောင်း ပြောဆိုပါတယ်။

CPJ အဖွဲ့က ရရှိထားတဲ့ စာရင်းဇယားအရ သတင်းသမားအကျဉ်းသား (၁၄) ယောက်ရှိတဲ့အထဲက တယောက်ပဲလျော့ သွားတဲ့အတွက် (၁၃) ယောက်ကျန်ရှိနေသေးကြောင်းနဲ့ အများစုကို ဆက်လက်ထိန်းသိမ်းထားတဲ့အပေါ် စိုးရိမ်ကြောင်း CPJ အဖွဲ့ရဲ့ အာရှအစီအစဉ် ညှိနှိုင်းရေးမှူး Bob Dietz ကပြောပါတယ်။

“ကျနော်တို့ အကျဉ်းသား ပြန်လွှတ်ပေးတဲ့အခြေအနေကို သေချာအနီးကပ် စောင့်ကြည့်နေပါတယ်။ ကျနော်တို့မှာ ရထားတဲ့ စာရင်းအရ သတင်းသမား (၁၃) ယောက်နဲ့ အထက်ဟာ အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။ အများစုဟာ ပြန်လွတ်လာတဲ့အထဲမှာ မပါပါဘူး။ အခုလို လူသိရှင်ကြား အကျဉ်းသားတွေ ပြန်လွှတ်ပေးနေပါတယ်ဆိုတဲ့ နေရာမှာ သတင်းသမားတွေကို ပြန်လွှတ်မပေးဘဲ ဆက်ပြီးထိမ်းသိမ်းထားတဲ့အတွက် စိတ်ပူပန်မှုဖြစ်ရပါတယ်။”

CPJ အနေနဲ့ ဗုဒ္ဓဟူးနေ့က အကျဉ်းသားတွေ လွှတ်ပေးရာမှာ ဘလော့ဂါ ကိုဇာဂနာတဦးသာ ပါဝင်ပေမယ့် နောက် လာမယ့် ရက်ပိုင်းတွေအတွင်း ဘယ်လိုများ ဆက်ပြီးဖြစ်လာအုံးမယ်ဆိုတာကို အနည်းကပ် စောင့်ကြည့်နေပါတယ်လို့ CPJ ရဲ့ အွန်လိုင်း (Online) စာမျက်နှာမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ မီဒီယာနဲ့ပတ်သက်ပြီး ပြောင်းလဲတိုးတက်မှုတွေဖြစ်နေတာကို ကြိုဆိုပါတယ်လို့လည်း Bob Dietz ကပြောပါတယ်။ ဒါပေမယ့် သတင်းမီဒီယာအပေါ် အာမခံတဲ့ အနေအထားမျိုးတော့ မတွေ့ရသေးဘူးလို့လည်း သူက ထောက်ပြပါတယ်။

“ကျနော်တို့ သံသယရှိသလို စိတ်လည်းပူပါတယ်။ အချိန်အကြာကြီးပေးပြီး စောင့်ကြည့်ခဲ့ပါတယ်။ သတင်းသမားတွေ အနေနဲ့ အစိုးရအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်ပိုင်းခြားထောက်ပြတာတွေ လုပ်နိုင်ပြီလား၊ လွတ်လွတ်လပ်လပ် လှုပ်ရှား နိုင်ပြီလား ရေးသားတင်ပြနိုင်ပြီလား၊ ဒါတွေဖြစ်ဖို့ ကြာမြင့်ပါလိမ့်အုံးမယ်။ စစ်မှန်တဲ့ လားရာဘက်ကို သွားနေတာကိုတော့ ကြိုဆိုပါတယ်။ ဒါပေမယ့် မကြာခင်အချိန် အထိကတော့ အရမ်းနှေးကွေးတဲ့ခြေလှမ်း တက်လှမ်းနေတာကိုပဲ တွေ့ရပါ သေးတယ်။ မီဒီယာနဲ့ပတ်သက်ပြီး အာမခံတဲ့ အခင်းအကျင်းမျိုးတွေ မတွေ့ရသေးပါဘူး”

CPJ အဖွဲ့ရဲ့ အာရှအစီအစဉ် ညှိနှိုင်းရေးမှုး Bob Dietz ပြောသွားတာပါ။

ပြည်ပမှာ အခြေစိုက်တဲ့ မြန်မာအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ထုတ်ပြန်တဲ့ စာရင်းအရ ဗုဒ္ဓဟူး နေ့မှာ လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေအနက် နိုင်ငံရေးအကျဉ်းသား (၂၀၆) ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ အထိန်းသိမ်းခံ ဒီမိုကရက်တစ်မြန်မာ့အသံ DVB သတင်းထောက် မလှလှဝင်းကို အကူအညီပေးခဲ့သူ ကိုမြင့်နိုင်၊ မြန်မာနေးရှင်းဂျာနယ် အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းမောင်၊ ဘလော့ဂါ ကိုသူရ (ခေါ်) ကိုဇာဂနာ စသူတို့ ပါဝင်ခဲ့တာပါ။

ပြင်သစ်နိုင်ငံ၊ ပဲရစ္စ်မြို့အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအသင်း RSF ကလည်း ကိုဇာဂနာ ပြန်လည် လွတ်မြောက်လာတာကို ကြိုဆိုပေမယ့် မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုကို မပြည့်စုံတဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်လို့ ခေါ်ဆို သုံးနှုံးလိုက်ပြီး ကျန်သတင်းသမားတွေကိုပါ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရဆဲ သတင်းသမားတွေထဲမှာ အများစုကတော့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရဲ့ သတင်းထောက်တွေဖြစ်ကြပါတယ်။ အဲဒီအထဲမှာ လူသိများသူတွေကတော့ မလှလှဝင်း၊ ကိုစည်သူဇေယျ၊ ဦးမောင်မောင်ဇေယျ၊ ကိုငွေစိုးလင်းတို့ ဖြစ်ကြပါတယ်။

အကျဉ်းကျခံနေရဆဖြစ်တဲ့ဲ ထင်ရှားတဲ့ ဘလော့ဂါတွေကတော့ ကိုနေဘုန်းလတ်နဲ့ ကိုကောင်းမြတ်လှိုင်တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG