သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်မှာ အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကြီးမား HRW စိုးရိမ်


ကချင်ပြည်နယ်မှာ အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကြီးမား HRW စိုးရိမ်
ကချင်ပြည်နယ်မှာ အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကြီးမား HRW စိုးရိမ်

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်း ဒီနှစ်ထဲ တိုက်ပွဲတွေပြန်ဖြစ်လာတာမှာ မြန်မာစစ်တပ်က အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆိုးဆိုးဝါးဝါး ကျူးလွန်ခဲ့ကြတယ်ဆိုပြီး နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြပ်မှုအဖွဲ့က အပြစ်တင်လိုက်ပါတယ်။ သူတို့ သတင်းသွားရောက်ရယူခဲ့တဲ့ မှတ်တမ်းတွေအရ အပြစ်မဲ့အရပ်သား အချို့ အထူုးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေကို မြန်မာစစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုတွေပါ ရှိခဲ့တယ်လို့ HRW က ပြောပါတယ်။ HRW ပြောခွင့်ရသူကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကချင်ပြည်နယ်အတွင်း ဒီနှစ် ဇွန်လကစခဲ့တဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့နဲ့ မြန်မာအစိုးရတပ် တိုက်ပွဲတွေအကြား ကချင်လူမျိုး ဒေသခံ အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် နယူးယောက်အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြပ်မှုအဖွဲ့အနေနဲ့ ကချင်ပြည်နယ်အတွင်းကို ကိုယ်တိုင်ဆင်းပြီး အခြေအနေတွေကို လေ့လာခဲ့တယ်လို့ HRW က ပြောပါတယ်။

ဇူလိုင်နဲ့ သြဂုတ်လတွေအတွင်းမှာ HRW စုံစမ်းရေးအဖွဲ့ဟာ ကချင်ပြည်နယ်အတွင်းက အရပ်သားတွေ စွန့်ပစ်ခဲ့တဲ့ ကျေးရွာဟောင်းတွေနဲ့ တောထဲမှာလှည့်လည်ပုန်းအောင်နေထိုင်နေကြတဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက် လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကနေ အသေအချာ မှတ်တမ်းပြုပြီး တွေ့ရှိချက်တွေအရ မြန်မာအစိုးရတပ်ဟာ အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာကို ကောက်ချက်ဆွဲခဲ့တာလို့ HRW ရဲ့ အာရှရေးရာ လက်ထောက်ညွန်ကြားရေးမှူး Elaine Pearson က ဗွီအိုအေကို ပြောပါတယ်။

“တိုက်ပွဲတွေပြန်ဖြစ်တဲ့ လွန်ခဲ့တဲ့ ငါးလကတည်းက အဲဒီဒေသတွင်းမှာ မြန်မာစစ်တပ်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ သတင်းတွေရ ပါတယ်။ HRW လူ့အခွင့်အရေး စောင့်ကြပ်မှုအဖွဲ့အနေနဲ့ ဒါတွေ တကယ်ဖြစ်ခဲ့သလား အတည်ပြုဖို့လိုလာပါတယ်။ ဒါကြောင့် အဲဒီကို သွားရောက်ပြီး မြန်မာစစ်တပ်ကနေ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ၊ ကျေးရွာတွေ ဖျက်ဆီးခံရမှုတွေကို အသေအချာ လေ့လာ မှတ်တမ်းပြုစုခဲ့ပါတယ်။”

ကချင်ပြည်နယ်အတွင်းမှာ အခု လပိုင်းတွေအတွင်းဖြစ်ခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ အရပ်သားတွေကို တိုက်ခိုက်မှုတွေမှာ မြန်မာစစ်တပ်အပေါ် တာဝန်ရှိတယ်လို့ HRW က ထောက်ပြပါတယ်။ သူတို့ ခန့်မှန်းချက်အရ ကချင်အရပ်သား ၃၀,၀၀၀ ခန့်မှန်းခြေဟာ တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ လှည့်လည် ပုန်းအောင်နေရတယ်လို့ ပြောပါတယ်။ အခု ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ အပေါ်မှာ အတော်လေးကို ဆိုးဆိုးဝါးဝါး သက်ရောက်မှုတွေရှိနေတယ်လို့ Elaine Pearson က ပြောပါတယ်။

“တိုက်ပွဲတွေ ပြန်ဖြစ်လာတာကြောင့် အရပ်သားတွေအပေါ် ထိခိုက်မှုတွေက အတော်လေး ဆိုးဝါး ပါတယ်။ သောင်းနဲ့ချီတဲ့ အရပ်သားတွေဟာ မိမိတို့ကျေးရွာတွေကို စွန့်ခွာပြီး တောတွေထဲကို ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ ဖြစ်ရပ်အများစုမှာတော့ အဲဒီ ဒုက္ခသည်တွေဟာ လူသားချင်း စာနာကူညီမှုတွေ အထောက်အပံ့တွေ မရကြပါဘူး။ စစ်တပ်ကနေ အရပ်သားတွေကို အတင်းအဓမ္မ လုပ်အား ခိုင်းစေတာတွေ ရှိခဲ့ပါတယ်။ အချို့အခြေအနေတွေမှာ အဲဒီက ထွက်ပြေးတဲ့ အရပ်သားတွေဟာ တိုက်ခိုက် သတ်ဖြတ်ခံရတာတွေ ရှိပါတယ်။ အထောက်အထားရှိတဲ့ ဥပမာတခုမှာတော့ အဘွားလုပ်သူနဲ့ မြေးဖြစ်သူဟာ ကျေးရွာကနေ ထွက်ပြေးဖို့ကြိုးစားနေတုန်း ပစ်သတ်တာ ခံခဲ့ကြရပါတယ်။”

အရပ်သားတွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တဲ့အမှုအတော်များများကို HRW အနေနဲ့ အသေအချာ မှတ်တမ်းပြုစုထား ပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်ဖို့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရေးဟာ အင်မတန် အရေးကြီးနေပြီဆိုတာ ဒီအဖြစ်အပျက်တွေအရ ပိုပြီး ထင်ရှားစေတယ်လို့လည်း HRW က ပြောပါတယ်။ အခု သူတို့ရထားတဲ့ မှတ်တမ်းတွေ အရ ကချင်ပြည်နယ်အတွင်းဖြစ်ရပ်တွေမှာ အဆိုးဆုံးကတော့ အရပ်သားတွေကို မြန်မာစစ်တပ်က ပစ်ခတ်သတ်ဖြတ်တာတွေ ဖြစ်တယ်လို့ Elaine Pearson က ပြောပါတယ်။

“အဆိုးဆုံးဖြစ်ရပ်တချို့ကတော့ ကျေးရွာက လူငယ်တွေဟာ KIA အဖွဲ့ဝင်တွေလို့ စွတ်စွဲခံရပြီး မြန်မာစစ်သားတွေက သူတို့ကို သတ်ဖြတ်ပစ်ခဲ့တာပါ။ ဖြစ်ရပ်တခုမှာတော့ ကျေးရွာကနေ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတဦးနဲ့ လေးနှစ်သားအရွယ် မြေးဖြစ်သူတို့ကို မြန်မာစစ်သားတွေက ပစ်သတ်ခဲ့တာမျိုးပါ။ နောက်ဖြစ်ရပ်တခုမှာတော့ မြန်မာစစ်သားတွေက ၆၂ နှစ်အရွယ် အမျိုးသမီးကြီးတဦးနဲ့ သူ့မြေးဖြစ်သူ ကျေးရွာက ထွက်ပြေးတာကို ပစ်သတ်တာပါ။ ဒါမျိုးဖြစ်ရပ်တွေ အတော်များများကို မှတ်တမ်းယူထားပါတယ်။ ဒီလို ကျူးလွန်ခံခဲ့ရသူတွေဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ၊ တကယ့် အရပ်သားတွေ ဖြစ်ကြပါတယ်”

ကချင်ပြည်နယ်အတွင်း အရပ်သားတွေအပေါ်မှာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ HRW က မှတ်တမ်းတွေ ထုတ်ဖော်လိုက်ချိန်မှာပဲ ဒီရက်ပိုင်းအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့လူ့အခွင့်အရေး အခြေအနေကို အပြန်အလှန် ဆွေးနွေးကြဖို့လည်း ရှိနေပါတယ်။ မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ရှိနေတယ် ဆိုပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးတဲ့ ကိစ္စ၊ နောက် တိုင်းရင်းသားဒေသတွေမှာ အစိုးရဘက်ကနေ စစ်ဆင်ရေးတွေ တိုးမြှင့်လာတဲ့ အခြေအနေတွေပေါ်မှာ မြန်မာအစိုးရကို နိုင်ငံတကာက ဝေဖန်ပစ်တင်မှုတွေ ရှိနေတုန်းပါ။ မနေ့တုန်းကလည်း အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းရေးမှူး Derek Mitchell က မြန်မာနိုင်ငံထဲမှာ အားရကျေနပ်လောက်စရာ အပြောင်းအလဲတွေ မြင်လာရပေမယ့် လုံးလုံး မပြောင်းလဲသေးတဲ့ အခြေအနေတွေ ရှိနေသေးတယ် ဆိုပြီးတော့ ထောက်ပြခဲ့ပါတယ်။ ဒီထဲမှာတော့ တိုင်းရင်းသား လူနည်းစုတွေနဲ့ အစိုးရကြား ဆက်ဆံရေးဟာ ပြောင်းလဲတိုးတက်တာ မတွေ့ရတဲ့အပြင် တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေ ဆက်ပြီးတော့ ဖြစ်နေတုန်း၊ ရှိနေတုန်းပဲ ဆိုပြီးတော့ သူက ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG