သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား နေမျိုးဇင် ကျန်းမာရေးအခြေအနေ ဆိုးရွား


အင်းစိန်အကျဉ်းထောင်ရှေ့မြင်ကွင်း (ဓာတ်ပုံ၊ အေပီ အောက်တိုဘာ ၁၁ ရက်၊ ၂၀၁၁)
အင်းစိန်အကျဉ်းထောင်ရှေ့မြင်ကွင်း (ဓာတ်ပုံ၊ အေပီ အောက်တိုဘာ ၁၁ ရက်၊ ၂၀၁၁)

အင်းစိန်ထောင်အတွင်းမှာ ထောင်ဒဏ် ၁၀ နှစ်ကျခံနေရတဲ့ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ဟာ ခါးရိုးကျိုးထားတဲ့ဒဏ်ကြောင့် လမ်းမလျောက်နိုင်တာကြောင့် ထောင်ဝင်စာ တွေ့နိုင်ခြင်း မရှိတော့ကြောင်း၊ သူ့ကို ခွဲစိတ်ကုသခွင့်လည်း မပေးကြောင်း မိသားစုက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၂ ရက်နေ့က ဖမ်းဆီးခံရပြီးတဲ့နောက် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ သြဂုတ်လ အတွင်းမှာပဲ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃/ က နဲ့ ထောင်ဒဏ် ၁၀ နှစ်ကျခံခဲ့ရတာပါ။ သူဟာ ထောင်တွင်းမှာ ချော်လဲတဲ့ဒဏ်နဲ့ ဆေးကုသခွင့် သေချာမရရှိတာကြောင့် အောက်တိုဘာလ ၁၈ ရက်နေ့က မိသားစု ထောင်ဝင်စာတွေ့ချိန်မှာ လာရောက်တွေ့ဆုံနိုင်ခြင်း မရှိကြောင်း ညီဖြစ်သူ ကပြောပါတယ်

“ခါးက တော်တော်ကို နာနေတဲ့အတွက်ကြောင့် အပြင်ကို မထွက်နိုင်ဘူးလို့ ပြောပါတယ်။ စာရေးပေးလိုက်တယ်ပေါ့နော်- ခါးနာနေတဲ့အတွက်ကြောင့် ထွက်တွေ့လို့ မရနိုင်ဘူးဆိုတာကို။ စပြီး အင်းစိန်ရောက်တော့ ချော်လဲတဲ့ဟာက အရိုးတခြမ်းပဲ့ပြီးတော့ အားတော်တော် နည်းသွားပါတယ်။ အဲဒီကတည်းကနေ စပြီးတော့ ဖြစ်လာတာ။ ဆေးဝါးကုသမှု ထိထိရောက်ရောက် မပေးတော့ ကောင်းလာရမှာက မကောင်းတော့ဘဲနဲ့ လမ်းလျှောက်လို့ မရတော့တဲ့ အခြေအနေဖြစ်လာတာပေါ့နော်။ သူကတော့ လေ့ကျင့်ခန်းတွေ ဘာတွေတော့ တတ်နိုင်သလောက်တော့ လုပ်တာပေါ့။ ဒါပေမဲ့ ဆေးဝါးကုသမှု ထိထိရောက်ရောက် မလုပ်တော့ လမ်းကို လျှောက်လို့ မရဘူး။ ပထမ ပြီးခဲ့တဲ့ နှစ်ခေါက်တုန်းက ထွက်တွေ့တုန်းကတော့ သူတို့အခန်းလေးက ကျဉ်းနေတဲ့အတွက်ကြောင့် ထိုင်ရတာလည်း အဆင်မပြေဘူးပေါ့နော်။ သူက ခြေထောက်ကို ချပြီးထိုင်ရတော့ အခန်းကကျဉ်းနေတော့ ထိုင်လို့မရဘဲ ကို့လို့ကန့်လန့် ဖြစ်နေတာ ပေါ့နော်။ အဲလိုလေးတွေလည်းဖြစ်တယ်။ နောက်တပတ်ကျတော့ အခု ခါးကနာနေတော့ ထွက်တွေ့လို့ မရနိုင်ဘူးဆိုပြီး စာပဲ ရေးပေးလိုက်တယ်”

ပြီးခဲ့တဲ့အပတ်က မိသားစုနဲ့ တွေ့ချိန်တုန်းကတော့ သူ့ကို ထောင်တွင်းဆရာဝန်က ခွဲစိတ်ကုသဖို့ လိုအပ်တယ်ဆိုပြီး မှတ်ချက်ပေးခဲ့ပေမဲ့ ထောင်အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူးလို့ ဇနီးဖြစ်သူက ပြောပါတယ်။

“ထောင်ထဲမှာ ဆရာဝန်ကြီးကို ခေါ်တွေ့တယ်တဲ့။ ခေါ်တွေ့တော့ သူထွက်မတွေ့နိုင်ဘူး။ ခါးက နာနေတယ်။ သူ့ကို ခေါ်တွေ့တဲ့အခါကျ ဆရာဝန်ကြီးက ခွဲစိတ်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း ပြောတယ်။ ထောင်ပိုင်ကြီးက သူ့ကို ခွင့်မပြုဘူး။ ခွင့်မပြုတော့ ပျောက်ဖို့အတွက် သူ့ကို အကိုက်အခဲပျောက်ဆေးပဲ ပေးတယ်တဲ့”

ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ဟာ သွေး အကူအညီပေးရေးအပါအဝင် ပရဟိတလုပ်ငန်းတွေ လုပ်နေရာကနေ ၂၀၁၁ ဧပြီလအတွင်းက ထိန်းသိမ်းခံခဲ့ရတာပါ။ သူ့ကို သြဂုတ်လ ၂၆ ရက်နေ့မှာပဲ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ တရားသူကြီးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

တပ်မတော်ကို ဝေဖန်တဲ့ဆောင်းပါးတွေ ရေးသားမှု၊ နိုင်ငံတော်လုံခြုံရေးထိခိုက်တယ် ဆိုပြီး အင်းစိန်ထောင်တွင်း ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီးကနေ ရဲအထူးသတင်းတပ်ဖွဲ့ဝင် သက်သေတွေကို ထုတ်ပြပြီး သူ့ကို အမိန့်ချမှတ်ခဲ့တာပါ။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို နယ်မြေခံ အထူးသတင်းတပ်ဖွဲ့က ဧပြီလ ၂ ရက်နေ့က အကြောင်းပြချက် မပေးဘဲ ဖမ်းဆီးသွားပြီးတဲ့နောက် အောင်သပြေ စစ်ကြောရေးစခန်းမှာလည်း ညှင်ပမ်းနှိပ်စက်မှု လုပ်ခဲ့ပါတယ်။ ဒီနောက် အင်းစိန်ထောင်ကိုဧပြီလ၂၉ ရက်နေ့မှာ ပို့ဆောင်ခဲ့ပါတယ်။

သူဟာ တောင်ကြီးအခြေစိုက် တပ်ထိန်းတပ် ၂၆၂ မှာတာဝန်ယူခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ တပ်ကနေ အနားယူခဲ့ပြီး လူမူရေးနဲ့ ပရဟိတလုပ်ငန်းတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်တွေနဲ့အတူ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ မြန်မာအစိုးရကို နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အတွက် တောင်းဆိုနေချိန်မှာပဲ အင်းစိန်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသား ကိုနေမျိုးဇင်ဟာ ဆေးကုသခွင့်တောင် မရရှိဘဲ လူအခွင့်ရေးဆုံးရှုံးနေကြောင်း မိသားစုကပြောပါတယ်ရှင်။

XS
SM
MD
LG