သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရစစ်တပ် ကေအိုင်အေဌာနချုပ်နဲ့ ၁၀ မိုင်အကွာ ရောက်ရှိ


အစိုးရစစ်တပ် ကေအိုင်အေဌာနချုပ်နဲ့ ၁၀ မိုင်အကွာ ရောက်ရှိ
အစိုးရစစ်တပ် ကေအိုင်အေဌာနချုပ်နဲ့ ၁၀ မိုင်အကွာ ရောက်ရှိ

မြန်မာအစိုးရစစ်တပ်တွေဟာ ဒီရက်ပိုင်းအတွင်းမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့အနီး ၁၀ မိုင်ကျော်အကွာလောက်ထိ ချဉ်းကပ်လာနေပြီး တိုက်ပွဲတွေဟာ တရက်ကို အနည်းဆုံး ၄ ကြိမ်ကနေ ၈ ကြိမ် အထိ ဖြစ်ပွားနေပါတယ်။ ဒီတိုက်ပွဲဖြစ်ပွားမှုဟာ အရင်လထက် စာရင် ၂ ဆလောက်အထိ မြင့်တက်လာနေတာ ဖြစ်ပြီး အစိုးရစစ်တပ်ဘက်က မကြာခင်မှာ အင်အားအလုံးအရင်းနဲ့ လိုင်ဇာကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်ကြောင်း KIOက သုံးသပ်ထားပါတယ်။ လတ်တလော ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

အစိုးရ စစ်တပ်ဟာ လွန်ခဲ့တဲ့ လကုန်ပိုင်းက စတင်ပြီး KIO ဌာနချုပ် လိုင်ဇာမြို့ဘက်ကို စစ်ကြောင်း ၄ ကြောင်းနဲ့ ချဉ်းကပ်လာနေတာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ အစိုးရစစ်တပ်တွေဟာ လိုင်ဇာမြို့က ၁၀မိုင်လောက်အကွာမှာရှိတဲ့ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန် ကျေးရွာအနီးထိ ရောက်လာနေပြီလို့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

လောလောဆည်မှာတော့ နှစ်ဘက်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာဟာလည်း ပိုများလာတယ်လို့ သူက အခုလို ဆက်ပြောပါတယ်။

“အခု တိုက်ပွဲတွေက ပိုပြီးတော့ စိတ်စိတ်လာတယ်။ ကျနော်တို့ ဗဟို လိုင်ဇာဘက်ကိုလည်း ပိုပြီးတော့ ချဉ်းကပ်လာတယ်လို့ ပြောလို့ရတယ်။ ဖြည်းဖြည်းချင်းနီးကပ်လာတယ်လို့ ပြောလို့ ရတယ်။ တနေ့ကို တိုက်ပွဲက အနည်းဆုံး ၄ ကြိမ်၊ ၅ကြိမ် အများဆုံး ၈ ကြိမ်လောက်ရှိမယ်။ နေ့စဉ်လိုလို တိုက်ပွဲကတော့ အဲလို နေရာအနှံ့မှာ ဖြစ်နေတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာလ တလလုံးမှာမှ တိုက်ပွဲက ၈၆ ကြိမ်ရှိတယ်။ ဒီအောက်တိုဘာလမှာ တိုက်ပွဲတွေက အကြိမ်ပေါင်းများလာတယ်။ မနေ့က ၁၇ ရက်နေ့အထိ တိုက်ပွဲအကြိမ်ပေါင်းက ၈၇ ကြိမ်လောက်ရှိသွားပြီခင်ဗျ”

မြစ်ကြီးနား လိုင်ဇာ ကားလမ်းဘေးက နမ့်ဆန်ယန်ရွာ အစိုးရတပ်အင်အား ၂၀၀ ကျော် တပ်စွဲထားသလို ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်အနီးက ရှုခင်းသာတောင်ကုန်းကို အစိုးရတပ်က ၅ ရက်ဆက်တိုက် တိုက်ခိုက်နေတယ်လို့ ဦးလနန်က ပြောပါတယ်။

အစိုးရတပ်ဘက်က လက်ရှိတိုက်ခိုက်နေတာဟာ လိုင်ဇာကိုလာတဲ့လမ်းကြောင်း ရှင်းလင်းရေးအတွက်ဖြစ်ပြီး ဒီလမ်းကြောင်းကို ထိန်းချုပ်နိုင်ရင် မြစ်ကြီးနားကတပ်တွေ လိုင်ဇာဘက်ကို ဝင်လာဖို့ဖြစ်တယ်လို့ ဦးလနန်က သုံးသပ်ပါတယ်။

“အခုတိုက်ပွဲဝင်နေတာ လမ်းကြောင်းရှင်းလင်းရေးပေါ့။ လမ်းကြောင်းပွင့်သွားပြီဆိုရင် နောက်တန်းက နေပြီး တော့ စစ်ကြောင်းက တောက်လျောက် ဆက်လိုက်မှာ။ တံတားကျိုးတဲ့နေရာမှာ မြေတူးစက်တွေ မြေကော်စက်တွေနဲ့ဖို့ပြီးတော့ ဒါမှမဟုတ်ရင် သံဘောင်တွေချပြီးတော့ ဖြတ်မယ်။ သံချပ်ကာ ကားတွေပေ့ါနော်။ အဲလို အမြောက်တင်ယာဉ်တွေဖြတ်ဖို့ အစီအစဉ်လုပ်နေကြတယ်”

ဒီရက်ပိုင်းအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာ အစိုးရတပ်တွေဘက်က အထိအခိုက် အကျအဆုံး များကြောင်း KIA ဘက်က ပြောဆိုပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ကချင်ပြည်နယ်အတွင်းမှာ ဒီလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့တချိန်တည်းမှာတော့ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တွေမှာ အစိုးရတပ်က ပေါ်တာဆွဲတာတွေ ရှိနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

"မန်ခိန်ဘက်မှာ အယောက် ၂၀ ဆွဲသွားတာ၊ ရပ်ကွက်ထဲမှာ အနည်းဆုံး လူ ၅၀ ပေါ်တာအတွက် လူရှာပေးဖို့ ပြောတယ်။ ဒါပေမဲ့ ရပ်ကွက်လူကြီးတေါက အဲဒါကို ငြင်းထားတာပေါ့နော်။ တအိမ်တက်၊ တအိမ်ဆင်း ဒီလိုပဲ လုပ်တယ်လို့ ပြောတယ်။ ဒါနဲ့ မတတ်နိုင်ဘူး။ ရပ်ကွက်လူကြီးတွေက ဒါဆိုလည်း ည ၉ နာရီကျော်သွားလို့ရှိရင်တော့ ခင်ဗျားတို့ လမ်းပေါ်တွေ့သမျှ ဖမ်းမိသွားလို့ ပြောလိုက်တယ်။ ဒါနဲ့ စစ်သားတွေက သူတို့ဟာနဲ့သူတို့ စုဆောင်းပြီးတော့ အယောက် ၂၀ လောက် ပါသွားတယ်။ ဝိုင်းမော်ဘက်မှာလည်း ဒီလိုပဲ။ မြစ်ကြီးနားမြို့ထဲမှာလည်း ရပ်ကွက်တိုင်းမှာ၊ တချို့ ကျေးရွာတွေမှာလည်း ဒီလိုပဲ၊ အားလုံးက ဒီလို ဖြစ်နေကြတာပေါ့"

တိုက်ပွဲဖြစ်ပွားရာဒေသမှာ ကျန်ရှိနေတဲ့ ပြည်သူတွေဟာ မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ လိုင်ဇာမြို့ဘက်တွေကို ဒီရက်ပိုင်းအတွင်းမှာ ထပ်မံထွက်ပြေးနေကြတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ ကချင်ပြည်နယ်အတွင်းမှာ အခုလို တိုက်ပွဲတွေ အရှိန်မြင့်တက်လာချိန်မှာ စစ်ပွဲဖြစ်ပွားရာ နယ်စပ်ဒေသဘက်ကို ထောင်နဲ့ချီတဲ့ တရုတ်စစ်သားတွေကို စေလွှတ်ထားတယ်လို့ တရုတ်မြန်မာနယ်စပ်က ဒေသခံတွေက ပြောပါတယ်။

KIAနဲ့ မြန်မာအစိုးရအကြား ဒီနှစ် ဇွန်လက စတင်ခဲ့တဲ့ စစ်ပွဲတွေကြောင့် ကချင်စစ်ပြေးဒုကသည် ၂ သောင်း လောက်ဟာ လိုင်ဇာမြို့အပါအဝင် တရုတ်-မြန်မာနယ်စပ်ဒေသဘက်ကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။ မြန်မာအစိုးရတပ်တွေက လိုင်ဇာကို ထိုးစစ်ဆင်တိုက်ခိုက်မယ်ဆိုရင်တော့ ဒုကသည်တွေဟာ တရုတ်နိုင်ငံ ဘက်ကို ထပ်မံတိမ်းရှောင်ရမယ့် အခြေအနေရှိနေပါတယ်။

အကြား လောလောဆည်မှာ အစိုးရတပ်တွေဟာ ဒါဟာ လိုင်ဇာကို သိမ်းယူဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ KIO ဘက်က သုံးသပ်ထားပါတယ်။

XS
SM
MD
LG