သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု အမျိုးသမီးသတ္တိရှင် Oxi Day ဆု ချီးမြှင့်ခံရ


ဒေါ်စု အမျိုးသမီးသတ္တိရှင် Oxi Day ဆု ချီးမြှင့်ခံရ
ဒေါ်စု အမျိုးသမီးသတ္တိရှင် Oxi Day ဆု ချီးမြှင့်ခံရ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝါရှင်တန်ဒီစီအခြေစိုက် Oxi Day အဖွဲ့ကြီးကနေပြီးတော့ ပထမဦးဆုံး Oxi Day Crete တိုက်ပွဲဆု ချီးမြှင့်လိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာနဲ့ မူဆိုလိုနီတို့လို အင်အားကြီးတဲ့ အာဏာရှင်တွေကို ဂရိနိုင်ငံငယ်ကလေးက No လို့ အဓိပ္ဗာယ်ရတဲ့ Oxi ဆိုတဲ့ ဝေါဟာရကို သုံးပြီးတော့ အာခံခဲ့ကြတာမှာ အမျိုးသမီးတွေ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကို ဒီဆုက ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မြန်မာ့ဒီမိုကရေစီရရှိရေးနဲ့ လွတ်လပ်မှုအတွက် သတ္တိရှင် အမျိုးသမီးတဦး အနေနဲ့ အခုလို ဆုချီးမြှင့်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီနဲ့ အီတလီ ဝင်ရိုးစွန်းတပ်တွေကို တွန်းလှန်ရာမှာ ဂရိနိုင်ငံ၊ ခရိကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ခရိတိုက်ပွဲမှာ အမျိုးသမီးထုရဲ့ အခန်းကဏ္ဍဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် သတ္တိ ပြောင်မြောက်စွာ တွန်းလှန်နိုင်ကြသူတွေအဖြစ်နဲ့ မှတ်တမ်းအတင်ခံခဲ့ကြရပါတယ်။ ဒီလို သတ္တိပြောင်မြောက်သူတွေကို မှတ်တမ်းတင်နိုင်ဖို့အတွက် ဝါရှင်တန်အခြေစိုက်၊ Oxi Day အဖွဲ့ကြီးက Oxi Day Crete တိုက်ပွဲဆု ချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပြီး ပထမဦးဆုံးအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ဖို့ ရွေးချယ်လိုက်တယ်လို့ Oxi Day အဖွဲ့ ဥက္ကဋ္ဌ အဲန်ဒရူး၊ မွန်နားတို့စ်က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

“သူ့ကို ကျနော်တို့ သိပ်ကို လေးစားမြတ်နိုးသလို သူဟာ အားကျ အတုယူစရာတယောက်ပါ။ မြန်မာနိုင်ငံအတွက်သာ မကပါဘူး။ တကမ္ဘာလုံးအတွက်ပါ အားကျစေတဲ့ စံနမူနာပါ။ ဒုတိယကမ္ဘာစစ်ကြီးမှာ ဝင်ရိုးစွန်းနာဇီအာဏာရှင်ကို ဂရိနိုင်ငံက တွန်းလှန်ပြီး ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် မီးရှူးတန်ဆောင်ကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ခေတ် ဒီမိုကရေစီနဲ့လွတ်လပ်မှု မီးရှူးတန်ဆောင် ဆောင်ကျဉ်းနေသူအဖြစ် ကမ္ဘာတဝှမ်းက သတ်မှတ်ကြပါတယ်။ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ သတ္တိပြောင်မြောက်မှုအတွက် မှတ်တမ်းတင်နိုင်ဖို့ အခုလို ဂုဏ်ပြုဆု ချီးမြှင့်လိုက်တာပါ”

လွန်ခဲ့တဲ့ ၂၁ နှစ်တာ ကာလအတွင်း ၁၅ နှစ်တာ အဖမ်းဆီးခံခဲ့ရတဲ့ကြားကပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံသား ၅၅ သန်းအတွက် အင်အားတရပ် ဖြစ်နေသလို မျှော်လင့်ချက် အထိမ်းအမှတ်လည်းဖြစ်ခဲ့သူပါ။ ဒါ့အပြင် လွတ်လပ်မှုအတွက် ရဲရဲဝံ့ဝံ့တွန်းလှန်သူအဖြစ်နဲ့ တကမ္ဘာလုံးက လေးစားမြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆုပေးအပ်ဖို့ အရင်အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် နန်စီ ပလိုစီး (Nancy Pelosi) က နာမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဂရိ-အမေရိကန် အဖွဲ့ကြီးဖြစ်တဲ့ Oxi Day အဖွဲ့ဟာ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ကျင်းပဖို့ရှိပြီး ဒီနှစ်အတွက် အထိမ်းအမှတ်မှာတော့ ဆု ၂ ခုပေးဖို့ ရှိပါတယ်။ အမျိုးသားအတွက် Oxi Day ဆုကို မကြာသေးခင်ကမှ အာရပ်ကမ္ဘာရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို စတင်ခဲ့တဲ့ တူနီးရှားနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူ Jamel Bettaieb ကို ပေးအပ်မှာဖြစ်ပြီး အမျိုးသမီးအတွက် ပထမဆုံး Oxi Day ခရိ စစ်ပွဲဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်မှာဖြစ်ပါတယ်။

“အမျိုးသမီးတွေ အတွက် ပေးတဲ့ ဆုကတော့ Battle of Crete ဆုပါ။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက ဂရိနိုင်ငံ ခရိကျွန်းမှာ နာဇီ ဂျာမဏီတပ်တွေရဲ့ ရန်ကို တွန်းလှန်ခဲ့တုန်းက အမျိုးသမီးထုက သက်ကြီးရွယ်အိုတွေ၊ ကလေးတွေကို ဦးဆောင်ပြီး ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်ခဲ့တာကို ရည်ရွယ်ပြီး ပေးတာပါ။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ရဖို့ အင်အားကြီးတဲ့ သူကို အံတုဝံ့တဲ့ သတ္တိရှိသူကို ကမ္ဘာတဝှမ်း လိုက်ရှာတဲ့ အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ အဖွဲ့က တွေ့ပါတယ်”

လေထီးနဲ့ ဆင်းပြီး ခရိကျွန်းကို သိမ်းပိုက်ဖို့ ကြိုးစားတဲ့ နာဇီတပ်သား အသေအပျောက် အများဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ရတဲ့ ခရိတိုက်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ အမျိုးသမီးတွေကို ရောမပုံပြင်ထဲက ဘီလူးကြီး ဂိုလိုင်းရတ် (Goliath) ကို လောက်လေးဂွနဲ့ တွန်းလှန်ခဲ့တဲ့ ဒေးဗစ် ရဲ့ ရဲစွမ်းသတ္တိ ရှိသူလို့ တင်စားကြပါတယ်။ ဒီလို အစွမ်းသတ္တိရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာလ ၂၇ ရက်နေ့ ဝါရှင်တန် ဒီစီမှာ ကျင်းပမယ့် Oxi Day နှစ်ပတ်လည် အခမ်းအနားမှာ ဆုပေးဖို့ စီစဉ်ထားပါတယ်။

ဒီဆုကို အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့ Burma Campaign အဖွဲ့ တာဝန်ခံ ဦးအောင်ဒင်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား လက်ခံရယူမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီအခမ်းအနားအတွက် ဗီဒီယိုမိန့်ခွန်း ပေးပို့ဖို့ ရှိတယ်လို့လည်း Oxi Day အဖွဲ့က ပြောပါတယ်။

XS
SM
MD
LG