သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်နဲ့ပါလက်စတိုင်း အကျဉ်းသားချင်းလဲလှယ်


Gilad Shalit

အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမာ့စ်အဖွဲ့ကြား အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အရ ငါးနှစ်လောက် ထိန်းခံထားရာက ပြန်လွတ်လာတဲ့ အစ္စရေးစစ်သား Gilad Shalit ဟာ သူ့မိသားစုနဲ့အတူ ပြန်လည် ဆုံစည်းမိသွားပြီ ဖြစ်ပါတယ်။ တချိန်ထဲမှာပဲ ပြန်လွတ်လာကြတဲ့ ရာနဲ့ချီတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေအတွက် ဂါဇာကမ်းမြောင်မှာ အောင်ပွဲခံနေကြပါတယ်။

ဂီလတ် ရှာလစ် စောင့်နေကြတဲ့ သူ့မိဘတွေရှိရာ အစ္စရေးနိုင်ငံအလယ်ပိုင်းကမြို့ကို စစ်တပ် ရဟတ်ယာဉ်နဲ့ အာဏာပိုင်တွေက အင်္ဂါနေ့မှာပဲ ခေါ်ဆောင်သွားခဲ့ပါတယ်။ အစောပိုင်းမှာ ဟာမာ့စ်အဖွဲ့က သူ့ကို ဆိုင်းနိုင်းမှာရှိတဲ့ အီဂျစ်အာဏာပိုင်တွေလက်ထဲ အပ်နှံခဲ့တာဖြစ်ပြီး အဲဒီကနေမှ သူ့ကို အစ္စရေးနိုင်ငံထဲ ခေါ်ဆောင်သွားကြတာပါ။

ဂီလတ် ရှာလစ် ပြန်လွတ်လာတဲ့ တချိန်တည်းလိုလိုမှာပဲ ဘတ်စ်ကားတွေနဲ့ ရောက်လာကြတဲ့ ပါလက်စတိုင်း အကျဉ်းသား ၃၀၀ လောက်ကို ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေက ချီတက် ကြိုဆိုခဲ့ကြပါတယ်။ ဒါ့အပြင် အနောက်ဘက်ကမ်းခြေဒေသ Ramallah မြို့ကို ပြန်ရောက်လာကြတဲ့ တခြား အကျဉ်းသား ၁၀၀ လောက်ကို ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။ ကျန်လွတ်လာသူ ပါလက်စတိုင်း အကျဉ်းသား ၄၀ ကတော့ ခိုလှုံခွင့်လျှောက်ပြီး တူရကီ၊ ဆီးရီးယားနဲ့ ကာတာနိုင်ငံတို့ကို တိုက်ရိုက် တန်းသွားလိုက်ကြပါတယ်။

ပြန်လွတ်ပေးလိုက်တဲ့ ပါလက်စတိုင်းအကျဉ်းသားတွေ အကြမ်းဘက်လုပ်ငန်းတွေ ပြန်လုပ်ကြမယ်ဆိုရင်တော့ သူတို့အနေနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံကြရမယ်လို့ ဂီလတ် ရှာလစ်နဲ့ တွေ့ဆုံ မိတ်ဆက်အပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က အသိပေး ပြောကြားလိုက်ပါတယ်။

သူ့အနေနဲ့ ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ ဒီ အကျဉ်းသားလှဲလှယ်ရေးအစီအစဉ်က အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးရရှိဖို့အတွက် အစပျိုးပေးလိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း ပြန်လွတ်လာလာခြင်း အီဂျစ်ရုပ်မြင်သံကြားနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ဂီလတ် ရှာလစ်က ပြောခဲ့ပါတယ်။ အကျဉ်းသားလှဲလှယ်ရေးအစီအစဉ်အရ ပါလက်စတိုင်းအကျဉ်းသား ၄၇၇ ယောက်ကို ဒီကနေ့ အရင်လွတ်ပေးလိုက်တာဖြစ်ပြီး ကျန် ၅၅၀ ကိုတော့ နောက် ၂ လကြာမှာ ပြန်လွတ်ပေးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG