သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်နိုင်ငံရောက်


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်နိုင်ငံရောက်
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်နိုင်ငံရောက်

ဂျပန်နိုင်ငံကို ၃ ရက်ကြာ ခရီးရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒီခရီးစဉ်ဟာ ၂ နိုင်ငံကြား နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ပူးပေါင်ဆောင်ရွက်ရေးတို့အတွက် တွန်းအားတရပ်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဂျပန်အစိုးရဝန်ကြီးအဖွဲ့ ဝန်ကြီးအိုစာမုဖူဂျီမုရနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ရာမှာ သူက အခုလို ပြောကြားလိုက်တာပါ။ မြန်မာအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှု ခြေလှမ်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂျပန်နိုင်ငံက ခြွင်းချက်နဲ့ပြန်လည်ကူညီပေးဖို့ စီစဉ်နေတဲ့ ODA ခေါ် ဖွံ့ဖြိုးမှုအကူအညီတွေကို ဘယ်လိုကဏ္ဍတွေအတွက် ခွဲဝေချထားပေးမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုလည်း ဒီခရီးစဉ်မှာပါမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒီအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

ပထမဆုံးအကြိမ် နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆက်ဆံရေးပုံမှန် ပြန်လည် စတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့ ဂျပန်နိုင်ငံဝန်ကြီးချုပ် ယိုရှိဟီကို နိုဒါရဲ့ အစိုးရအိမ်တော်ကို သွားရောက်ပြီးတော့ ဂျပန်အစိုးရဝန်ကြီးအဖွဲ့ ဝန်ကြီးအိုစာမုဖူဂျီမုရနဲ့ တွေ့ဆုံခဲ့ရာမှာ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ချ ပြောဆိုခဲ့ပါတယ်။

"ကျွန်တော်ရဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံကြားမှာရှိပြီးသားဖြစ်တဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပိုမိုတိုးတက်ခိုင်မြဲစေဖို့အတွက် တွန်းအားပေးစေမယ်လို့လည်း ယူဆပါတယ်"

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီး ပြုပြင်ပြောင်းလဲရေးတွေ အထိုက်အလျောက် အကောင်အထည်ဖော်တဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို လွှတ်ပေးခဲ့တာဟာ အပြု သဘောဆောင်ပေမယ့်လို့ တကယ့်စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ လိုသေးတယ်လို့ ဂျပန်အစိုးရဝန်ကြီး အဖွဲ့ဝန်ကြီး အိုစာမို ဖူဂျီ မုရက တိုက်တွန်းလိုက်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် မြန်မာဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ကိုလည်း ဂျပန်အစိုးရက တိုက်တွန်းနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဘက်က ပြုပြင်ပြောင်းလဲရေးတွေကို သိသိသာသာ အကောင်အထည်ဖော်လာတာနဲ့အမျှ ဂျပန်နိုင်ငံဘက်ကလည်း ဖွံ့ဖြိုးမှုအကူအညီတွေ တိုးပြီးပေးသွားမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရှင်းဂျိမီနာမိက အခု လိုပြောပြပါတယ်။

"ဂျပန်ကနေပေးအပ်မယ့် ODA ခေါ်ဖွံ့ဖြိုးမှု အကူအညီနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတဲ့နေရာမှာ အထောက်အပံ့တွေရော ချေးငွေတွေ၊ နည်းပညာအထောက်အပံ့ပေးတာတွေ စသဖြင့် စီမံကိန်း အသစ်တွေကို ဒီနှစ် ဇွန်လအထိ ဆိုင်းငံ့ခဲ့ထားခဲ့ရာကနေ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ODA မူဝါဒကို ပြန်လည်ပြင်ဆင် ခဲ့တာဖြစ်တယ်လို့ ပြောပြသွားတာပါ။"

၂၀၀၇ ခုနှစ်၊ သံဃာတော်တေ ွမေတ္တာပို့ကြွချီတဲ့ လှုပ်ရှုားမှုအတွင်း လုံထိန်းတွေက ပစ်ခတ်ခဲ့လို့ ဂျပန် သတင်းထောက်တစ်ဦး သေဆုံးခဲ့ရပြီးနောက်ပိုင်း ODA ဖွံ့ဖြိုးမှု အကူအညီ စီမံကိန်းအသစ်တွေကို ဆိုင်းငံ့ထားခဲ့တာ ဒီနှစ်ဇွန်လအထိ ဖြစ်ပါတယ်။

ဝန်ကြီးဦးဝဏ္ဏမောင်လွင်ဟာ မနက်ဖြန် အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ အိမ်ရှင် ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကိုအိချီရို ဂန်ဘိုနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားတချို့ လွှတ်ပေးတာဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်တဲ့အတွက် ကြိုဆိုလိုက်ရင်းနဲ့ ဒီမိုကရေစီ အသွင်ပြောင်းလဲရေးရှေးရှုတဲ့နေရာမှာ ဂျပန်နိုင်ငံက ထောက်ခံ အားပေးသွားမယ်လို့လည်း ကမ်းလှမ်းထားတာရှိပါတယ်။

ဝန်ကြီးဦးဝဏ္ဏမောင်လွင်ရဲ့ ၃ ရက်ကြာမယ့် ဒီခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး အလားအလာတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ စက်မှုလုပ်ငန်းမှာ အရေးပါတဲ့ ရှားပါးမြေသတ္တုရိုင်းတွေကို မြန်မာနိုင်ငံကနေ ဝယ်ယူဖို့အရေးကိုလည်း ဆွေးနွေးဖွယ်ရှိတယ်လို့ ဂျပန်ကလာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG