သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံမလုပ်ဖို့ ကင်တားနား တိုက်တွန်း


မစ္စတာ ကင်တားနား
မစ္စတာ ကင်တားနား

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို ဒီနှစ်မကုန်ခင်မှာ ကျင်းပဖို့ မျှော်လင့်ရတဲ့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ပြန်ပြီးတော့ လွှတ်ပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး သောမတ်၊ အိုဟေး ကင်တားနားက တောင်းဆိုလိုက်ပါတယ်။ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်နေတဲ့ ဒီနိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံတကာတောင်းဆိုမှုတွေအတွက် အပေးအယူလုပ်ဖို့ ဓားစာခံတွေလို မထားသင့်ဘူးလို့လည်း ကြာသာပတေးနေ့မှာ ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ဒေါ်ခင်မျိုးသက်က အပြည့်အစုံတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား အားလုံးကို ဒီနှစ်မကုန်ခင် ကျင်းပမယ်လို့ မျှော်လင့်ရတဲ့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ပြန်ပြီးလွှတ်ပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်ရေး ဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး သောမတ် အိုဟေး ကင်တားနားက တောင်းဆိုလိုက်ပါတယ်။

မြန်မာ့သမိုင်းမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်နေတဲ့ ဒီနိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံတကာ တောင်းဆိုမှုတွေအတွက် အပေးအယူလုပ်ဖို့ ဓားစာခံတွေလို မထားသင့်ဘူးလို့လည်း ကြာသပတေးနေ့ ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းခဲ့တဲ့ မစ္စတာကင်တားနားက ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေဟာ စိုးရိမ်စရာ ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရဟာ မကြာသေးခင်က နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် လွှတ်ပေးခဲ့ပေမယ့် အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတာမို့ သူတို့အားလုံးကို ပြန်လွှတ်ပေးဖို့ မစ္စတာ ကင်တားနားက တောင်းဆိုခဲ့ပါတယ်။

“ ကျန်နိုင်ငံရေး အကျဉ်းသားအားလုံးကို ဒီနှစ်မကုန်ခင် အမြန်ဆုံး ပြန်ပြီးလွှတ်ပေးဖို့ မြန်မာအစိုးရကို ကျွန်တော် တွန်းအားပေးနေပါတယ်။ အစိုးရက တချို့ကို လွှတ်ပေးပါတယ်။ ဒါပေမယ့် မြန်မာ့သမိုင်းမှာ တကယ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါနေတဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တွေကို အခုထိလွှတ်မပေးသေးပါဘူး။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက ခေါင်းဆောင်တွေအပြင် တိုင်းရင်းသား ခေါင်းဆောင်တွေပါ။ ဦးဂမ္ဘီရ၊ ဦးခွန်ထွန်းဦးနဲ့ တချို့ကို ထောင်ထဲမှာ ကျွန်တော် တွေ့ခဲ့ရပါတယ်။ သူတို့လိုလူတွေဟာ တကယ်ပညာတတ်တွေ ဖြစ်ပြီး မြန်မာ့သမိုင်းမှာ အရေးပါတဲ့ အခန်းက ပါခဲ့သူတွေပါ။ ဒီလိုလူတွေ အခု အသစ် ရေးတော့မယ့် မြန်မာ့သမိုင်းမှာ ပါဝင်ခွင့်ရစေဖို့ လိုပါတယ်။

အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေအတွက် ဒီနိုင်ငံရေး အကျဉ်းသားတွေကို ဓားစာခံတွေလို မလုပ်သင့်ပါဘူး။ သူတို့အားလုံးကို ဒီနှစ်မကုန်ခင် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”

နိုင်ငံရေး အကျဉ်းသားတွေထဲမှာ လူထု ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်တွေပါ ပါနေတာမို့ သူတို့ကို လွှတ်ပေးလိုက်ရင် နိုင်ငံကို ငြိမ်သက်အောင် မထိန်းနိုင်မှာ မြန်မာအာဏာပိုင်တွေက စိုးရိမ်နေတာတွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ဟာ မြန်မာအစိုးရထင်သလို မဟုတ်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြသနေတယ်လို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နှစ်ပေါင်းများစွာ နိုင်ငံရေး အကျဉ်းသားအဖြစ်နဲ့ နေခဲ့ရသူပါ။ သူလွတ်လာခဲ့တဲ့နောက်မှာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး နားလည်အောင် သူဘယ်လို ကြိုးစားတယ်ဆိုတာ ကျွန်တော်တို့ ကိုယ်တွေ့ပါ။ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးစားခဲ့ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးအခြေနေ တိုးတက်လာဖို့နဲ့ ကောင်းမွန်တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး အပြောင်းအလဲတွေရဖို့ နည်းလမ်းတွေရှာနေတာ တွေ့ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားကို လွှတ်ပေးလိုက်ရင် သူတို့ ဘယ်လို လုပ်ဆောင်တယ်ဆိုတာ ပြတာပါ။ အစိုးရက သူတို့ကိုလွှတ်ပေးလိုက်ရင် လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြမှာကို စိုးရိမ်နေတာမို့ သူတို့ လို လူတွေဟာ မြန်မာနိုင်ငံ ဘယ်လိုကောင်းအောင် လုပ်မယ်ဆိုတာကိုပဲ ခေါင်းထဲထားတယ်ဆိုတာ ပြနေပါတယ်”

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာ မြင်နေရပေမယ့် တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ကြီးကြီးမားမား ဖြစ်နေဆဲမို့ အခုလို အရေးကြီးတဲ့ အနေထားရောက်နေချိန်မှာ ဒါတွေကို အရေးယူ ဖြေရှင်းဖို့လိုနေတယ် လို့လည်း ပြောပါတယ်။

“အခုအချိန်ဟာ မြန်မာ့သမိုင်းမှာ အရေးအကြီးဆုံးအချိန်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီအချိန်ဟာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့အတွက် အဓိပ္ပာယ်ရှိတဲ့၊ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ လုပ်ရမယ့် အခွင့်လန်းကောင်းတရပ် ဖြစ်သလို၊ ဒီမိုကရေစီရေး အသွင်ကို နက်နက်ရှိုင်းရှိုင်း ကူးပြောင်းရမယ့် အချိန်ပါ။ တချိန်တည်းမှာပဲ ဆိုးဝါးတဲ့ လူ့အခွင့်ရေးပြဿနာတွေ၊ နိုင်ငံရေး၊ စီးပွါးရေးနဲ့ လူမှုရေး ရပိုင်ခွင့် ချိုးဖေါက်မှုတွေအတွက် တကယ်တန်းပြောဆိုရမယ့် အချိန်လည်းဖြစ်ပါတယ်”

လူ့အခွင့်အရေး အခြေနေဟာ သိသိသာသာ ပြောင်းလဲ တိုးတက်မှု မရှိသေးတဲ့ အတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အဖွဲ့ဝင် နိုင်ငံတွေက စိုးရိမ်မကင်း ဖြစ်မှုတွေကို ထုတ်ဖေါ်ပြောဆိုခဲ့သလို အခုထိလည်း လူ့အခွင့်အရေး ချိုးဖေါက်မှုဆိုင်ရာ တိုင်ကြားမှုတွေ ရနေဆဲမို့ မြန်မာအာဏာပိုင်တွေ ဘက်က ဒါကို ဦးစားပေး လုပ်ဆောင်သင့်တယ်လို့လည်းပြောပါတယ်။

“မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ အတွက် အများယုံကြည်မှု ရှိတဲ့၊ သီးခြား လွတ်လပ်တဲ့ စုံစမ်းဖော်ထုတ် စစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်နေတယ်ဆိုတာ အလေးအနက်ပြောပါရစေ။ ဒါနဲ့ပတ်သက်ပြီး မကြာခင်ကမှ ဖွဲ့စည်းလိုက်တဲ့ မြန်မာအစိုးရရဲ့ လူ့အခွင့်ရေး ကော်မရှင်ဟာ ဒီစုံစမ်းစစ်ဆေးမှုတွေအတွက် သင့်တော်မတော်၊ ကျွန်တော့်အနေနဲ့ ကနဦး လေ့လာမှုတွေ အတတ်နိုင်ဆုံး အမြန်လုပ်ဖို့ ရှိပါတယ်။ အခု အချိန်မှာတော့ ဒီအဖွဲ့ရဲ့ လုပ်ဆောင်နေမှုတွေ ထိရောက်မှုရှိမရှိ၊ သီးခြားလွတ်လပ်မှု ရှိမရှိက မေးခွန်းထုတ်စရာ ရှိနေပါတယ်”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာအသစ်ကို ၂၀၁၂ ခုနှစ် မတ်လထဲမှာ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီမှာ ပြန်လည်တင်သွင်းဖို့ ရှိတာမို့ ဒီမတိုင်ခင် မြန်မာနိုင်ငံကို သွားရောက်စစ်ဆေးခွင့်ရဖို့ မျှော်လင့်ထားတယ်လို့လည်း မစ္စတာကင်တားနားက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG