လစ်ဗျား ခေါင်းဆောင်ဟောင်း မိုမာဂဒါဖီကတော့ လစ်ဗျားကြားဖြတ်အစိုးရ တပ်ဖွဲ့တွေရဲ့လက်ချက်နဲ့ သူ့ရဲ့ဇာတိ ဆာ့တ် မြို့မှာပဲ မနေ့က သေဆုံးသွားခဲ့ပါပြီ။ သူသေဆုံးသွားလို့ လစ်ဗျားတနိုင်ငံလုံး ပျော်ရွှင်နေကြပါတယ်။ ဂဒါဖီ သေဆုံးချိန်မှာ အသက် ၆၉ နှစ်ရှိပါပြီ။
ဂဒါဖီဟာ နှစ်ပေါင်း ၄၀ ကျော် တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကစလို့ နိုင်ငံအရှေ့ပိုင်းမှာ သူပုန်တွေက ကဒါဖီကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြပြီး ကဒါဖီရှိတဲ့ မြို့တော် ထရီပိုလီကို သြဂုတ်လမှာ သူပုန်တွေ ဝင်ရောက်ခဲ့ကြတဲ့အထိ ဂဒါဖီက လစ်ဗျားကို အုပ်ချုပ်ခဲ့တာပါ။ အခုအချိန်ဟာ လစ်ဗျားပြည်သူတွေအားလုံး က ညီညွတ်တဲ့လစ်ဗျားနိုင်ငံသစ်ကို ထူထောင်ရမယ့် အချိန်ဖြစ်တယ်လို့ လစ်ဗျား ကြားဖြတ်အစိုးရ NTC ရဲ့ ဝန်ကြီးချုပ် မာမွတ် ဂျီဘရေး Mahmoud Jibril က ထရီပိုလီမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။
လစ်ဗျားနိုင်ငံမှာ ၆ လကြာ လေကြောင်း စစ်ဆင်ရေးတွေ လုပ်ခဲ့တဲ့ နေတိုးတပ်ဖွဲ့ကလည်း သူတို့ရဲ့ လစ်ဗျားစစ်ဆင်ရေးကို အဆုံးသတ်ဖို့ ဘယ်လ်ဂျီယန်နိုင်ငံ၊ ဘရာဆဲလ်စ်မြို့မှာ ဒီကနေ့ ဆွေးနွေးကြဖို့ ရှိတယ်လို့ နေတိုး သံတမန်တွေက ပြောပါတယ်။ နေတိုး တပ်ဖွဲ့တွေဟာ မိုမာကဒါဖီကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက လစ်ဗျားပြည်သူတွေကို တိုက်ခိုက်နေတာတွေကနေ ကာကွယ်ဖို့ လစ်ဗျားစစ်ဆင်ရေးကို စခဲ့ကြတာပါ။
မနေ့တုန်းက ဂဒါဖီ လိုက်ပါလာတဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့ အစီအစဉ်မှာ နေတိုးတပ်ဖွဲ့တွေ ဘက်က ပြင်သစ် စစ်လေယာဉ်တစီးလည်း ပါဝင်ခဲ့တယ်လို့ ပြင်သစ် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ကဒါဖီနဲ့ သူ့ရဲ့လက်ကျန်အဖွဲ့သားတွေဟာ သူတို့ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ ဆာ့တ်မြို့ကနေ ထွက်ပြေးဖို့ ကြိုးစားနေကြတုန်း မနေ့က တိုက်ခိုက်ခံခဲ့ရလို့ ကဒါဖီ သေဆုံးခဲ့တာပါ။
ဂဒါဖီရဲ့ယာဉ်တန်းကို အမေရိကန်ရဲ့ အဝေးထိန်းဒုံးယာဉ်တခုကလည်း ပစ်ခပ်တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးအရာရှိတွေက ပြောကြပါတယ်။ NTC ကြားဖြတ်အစိုးရရဲ့ မြေပြင် တပ်ဖွဲ့တွေနဲ့ ဂဒါဖီရဲ့ယာဉ်တန်းမှာပါတဲ့ ဂဒါဖီသစ္စာခံတွေ အပြန်အလှန်ပစ်ခတ်ကြပြီး မကြာခင်မှာပဲ ကဒါဖီကို ရှာတွေ့ခဲ့ကြတာပါ။ ကမ္ဘာတဝှန်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ ဗွီဒီယိုထဲမှာတော့ ဒဏ်ရာရပြီး သွေးတွေစွန်းပေနေတဲ့ ကဒါဖီကို NTC တပ်ဖွဲ့ဝင်တွေက ဆွဲလာတဲ့ပုံကို မြင်ရပါတယ်။ အဲဒီနောက်မှာ ဂဒါဖီသေဆုံးသွားတာပါ။ ဘယ်လိုသေဆုံးရတယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ |