ထိုင်းနိုင်ငံ ဘန်ကော်မြို့တော်ထဲကို ဝင်လာနေတဲ့ ရေတွေကို ဆက်ပြီးမတားနိုင်တော့ဘူးလို့ ထိုင်းတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ တစ တစတက်လာနေတဲ့ ရေတွေကို ဘန်ကောက် မြို့မှာရှိတဲ့ တူးမြောင်းတွေကနေ ပင်လယ်ထဲကို စီးဝင်သွားနိုင်ဖို့ ရေတံခါးတွေကို ဖွင့်ဖို့ ဝန်ကြီးချုပ် Yin Yingluck Shinawatra က တာဝန်ရှိသူတွေကို ဒီကနေ့ ကြာသပတေးနေ့မှာ အမိန့်ပေးလိုက်ပါတယ်။
ဒါဟာ August လမှာမှ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဝန်ကြီးချုပ် Yingluck အတွက် ပထမဆုံး ရင်ဆိုင်ရတဲ့ ပြဿနာကြီးဖြစ်ပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ မြောက်ပိုင်းရပ်ကွက်တွေမှာ ရေတွေ စတင်ကြီးနေချိန်မှာ မြို့လယ်မှာရှိတဲ့ တူးမြောင်းတွေကနေ ရေတွေလျှံတက်လာမှာလား ဆိုတာကို အတိအကျ မပြောနိုင်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဘန်ကောက်မြို့လယ်က လူတွေကတော့ ရေကြီးမှုကို ကာကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ သဲအိတ်တွေကို ချနေကြပါတယ်။ ဝန်ကြီးချုပ်က ရေတံခါးတွေကို ဖွင့်ဖို့ အမိန့်ပေးလိုက်တဲ့အတွက် လူတွေဟာ အစားအသောက်တွေ၊ အခြေခံလိုအပ်တဲ့ ပစ္စည်းတွေကို အလုအယက် ဝယ်နေကြတဲ့အတွက် လိုအပ်တာထက် ပစ္စည်းတွေကို မဝယ်ကြဖို့ တာဝန်ရှိသူတွေက သတိပေးနေရပါတယ်။
တံတားတွေ အဝေးပြေးလမ်းမတွေပေါ်မှာလည်း မော်တော်ယာဉ်တွေ မရပ်ဘဲ ဖယ်ရှားထားပေးဖို့ ဒေသခံတွေကို အမိန့်ပေးထားပါတယ်။ ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ကြီးနေတဲ့ ရေတွေက အတားအဆီးတွေကို ကျော်လွှားပြီး ဘန်ကောက်မြို့တော် မြောက်ပိုင်း လမ်းမတွေအထိ ဒီကနေ့ ကြာသပတေးနေ့မှာ စတင်ပြီး ဝင်ရောက်လာတာဖြစ်ပါတယ်။
ရေကြီးမှုကြောင့် တနေ့ကိုအစင်း ၆ ထောင်လောက် ထုတ်လုပ်နေတဲ့ ဂျပန်မော်တော်ကား စက်ရုံတွေလည်း ရပ်ထားရပါတယ်။ တခြားစက်မှု လက်မှုလုပ်ငန်းတွေလည်း ထိခိုက်နေပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ Sony Electronic ကုမ္ပဏီက နောက်ဆုံးပေါ် SLR ကင်မရာတမျိုးကို တကမ္ဘာလုံးမှာ စတင်ရောင်းချဖို့အစီအစဉ်ကိုလဲ ရွှေ့ဆိုင်းလိုက်တယ်လို့ Sony က ပြောပါတယ်၊ လာမဲ့ရက်ပိုင်းတွေမှာ အဆိုးဆုံး အခြေအနေတွေဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ထိုင်းနိုင်ငံမှာ အနှစ် ၅၀ အတွင်း အဆိုးဆုံးရေကြီးမှုကြောင့် သေဆုံးသူ ၃၂၀ လောက်ရှိသွားပြီး လူပေါင်း ၉ သန်းလောက် ရေဘေး ဒုက္ခရောက်နေကြပါတယ်။ ဗီယက်နမ်၊ (Vietnam,)၊ ကမ္ဘောဒီးယား၊ (Cambodia) နဲ့ လာအို Laos နိုင်ငံတွေမှာလည်း ရေတွေကြီးနေပါတယ်။