လစ်ဗျားနိုင်ငံမှာ ယာယီအစိုးရတပ်တွေက ခေါင်းဆောင်ဟောင်း မိုမာ ကဒါဖီကို သုတ်သင်ခဲ့တယ်လို့ ယာယီအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေက ပြောပါတယ်။
ကဒါဖီအပေါ်သစ္စာခံတဲ့တပ်တွေ ခုခံနေရာ Sirte မြို့ကို ဒီကနေ့ ကြာသပတေးနေ့ ဝင်သိမ်းချိန်မှာ ယာယီအစိုးရ အသွင်ကူးပြောင်းရေး ကောင်စီ NTC တပ်တွေက ကဒါဖီကို ပစ်သတ်ပြီး သူ့ရဲ့အလောင်းကို ယူခဲ့တာလို့ NTC တာဝန်ရှိသူ တော်တော်များများက ပြောပါတယ်။
ဒါပေမဲ့ ကဒါဖီကို ဘယ်လိုပုံစံမျိုး ပစ်ခတ် သတ်ဖြတ်ခဲ့တာလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကဒါဖီနဲ့ တော်တော်တူတဲ့လူတယောက်ရဲ့ သွေးတွေ ပေကျံနေတဲ့ ပုံတွေကို နိုင်ငံတကာ ရုပ်မြင်သံကြားလိုင်းတွေက ပြသနေပါတယ်။ NTC ဥက္ကဋ္ဌ Mustafa Abdel Jalil ဟာ မကြာခင်မှာ နိုင်ငံကို မိန့်ခွန်းပြောမယ်လို့ ခန့်မှန်းရပါတယ်။
Sirte မြို့ကို လုံးဝ အပြည့်အဝ ထိန်းချုပ်နိုင်ပြီဆိုရင် လစ်ဗျားနိုင်ငံ လွတ်မြောက်ပြီလို့ ကြေညာမှာဖြစ်တယ်လို့ NTC တာဝန်ရှိသူတွေက ပြောပါတယ်။
Tripoli မြို့တော်ရဲ့ အရှေ့ဘက် မိုင်ပေါင်း ၂၂၃ မိုင်လောက်မှာရှိတဲ့ Sirte မြို့ဟာ ကဒါဖီရဲ့ မွေးရပ်မြို့ဖြစ်သလို ကဒါဖီကို ထောက်ခံသူတွေ အဓိကနဲ့ နောက်ဆုံး ခြေကုပ်ယူထားတဲ့ မြို့လည်း ဖြစ်ပါတယ်။ အခုတော့ NTC ဘက်က တိုက်ခိုက်သူတွေက မြို့ထဲမှာ အလံသစ်ကို လွှင့်ထူပြီး အောင်ပွဲခံတဲ့အနေနဲ့ သေနတ်တွေကို လေပေါ်ကို ပစ်ဖေါက်နေကြတာကို ရုပ်မြင်သံကြားတွေပေါ်မှာ ပြသနေကြပါတယ်။