သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတ ဦးတင်အောင်မြင့်ဦး တရုတ်နိုင်ငံရောက်


ဒုသမ္မတ ဦးတင်အောင်မြင့်ဦး တရုတ်နိုင်ငံရောက်
ဒုသမ္မတ ဦးတင်အောင်မြင့်ဦး တရုတ်နိုင်ငံရောက်

မြန်မာ ဒု သမ္မတ ဦးတင်အောင်မြင့်ဦးဟာ ဒီကနေ့မှာ ၈ ရက်ကြာ တရုတ်နိုင်ငံခရီးစဉ်ကို စတင်လိုက်ပါပြီ။ ဒီခရီးစဉ်အတွင်း မြန်မာနဲ့တရုတ်ကြား ကိစ္စရပ်မျိုးစုံကို ဆွေးနွေးကြမှာဖြစ်ပေမဲ့ ထိပ်တန်းက ပါမှာကတော့ မြစ်ဆုံဆည်စီမံကိန်းကို မြန်မာအစိုးရက ရပ်ဆိုင်းခဲ့တဲ့ ကိစ္စဖြစ်မှာပါ။ ဒီကိစ္စဟာ မြန်မာနဲ့တရုတ်ကြား ကာလရှည်ကြာစွာ ရှိခဲ့တဲ့ ဆက်ဆံရေးမှာ အနှောင့်အယှက်ဖြစ်စရာ ကိစ္စတခုဖြစ်ပေမဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကိုတော့ ထိခိုက်လောက်အောင်တော့ ဖြစ်မှာမဟုတ်ဘူးလို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးဟာ ဒီကနေ့မှာ မြန်မာနိုင်ငံနဲ့နယ်နမိတ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တော်ကို ရောက်သွားတဲ့အကြောင်း တရုတ်-မြန်မာ ဆက်ဆံရေးကို စောင့်ကြည့်လေ့လာနေသူတွေက ပြောပါတယ်။ တရုတ်နိုင်ငံကလာတဲ့သတင်းတွေမှာတော့ မြန်မာ ဒုတိယသမ္မတဟာ တရုတ်နိုင်ငံ အနောက် တောင်ပိုင်း၊ ဂွမ်စီဇောင်း ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ၊ နန်နင်းမြို့မှာ အောက်တိုဘာလ ၂၁ ရက် နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပမယ့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကိုတက်ရောက်ဖို့ နေပြည်တော်ကနေ ဒီကနေ့ ထွက်ခွာသွားပြီလို့ ရေးကြပါတယ်။

သူနဲ့အတူ အစိုးရတာဝန်ရှိသူတွေ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း UMFCCI နဲ့ စက်မှုဇုံတွေက စီးပွားရေးလုပ်ငန်းရှင်တွေ လိုက်ပါသွားတယ်လို့ သတင်းတွေကဆိုပါတယ်။

ဒီခရီးစဉ်မှာ Asia World ကုမ္ပဏီပိုင်ရှင် စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်လည်း လိုက်ပါသွားတယ်လို့ ဗွီအိုအေက စံုံစမ်းသိရှိရပါတယ်။ Asia World ကုမ္ပဏီဟာ အခုအခါမှာ မြန်မာအစိုးရက ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်တဲ့ မြစ်ဆုံဆည်စီမံကိန်းကို တည်ဆောက်ရေးမှာ တရုတ် CPI ကုမ္ပဏီနဲ့ ပူးတွဲလုပ်ဆောင်နေတာပါ။

ဆည်စီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အပေါ် တရုတ်အစိုးရဘက်က မကျေမလည်ဖြစ်တာကို ပြေလည်အောင် ဖြေရှင်းဖို့ ဦးတင်အောင် မြင့်ဦးက ကြိုးစားလိမ့်မယ်လို့ တရုတ်-မြန်မာဆက်ဆံရေးကို စောင့်ကြည့်လေ့လာသူတွေက ခန့်မှန်းပါတယ်။ ဒီဆည် စီမံကိန်းဟာ ယူနန်ပြည်နယ်အစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်နေတာကြောင့် ယူနန်ပြည်နယ်ဘက်က ပိုပြီး ဖိအားပေးလာဖွယ်ရှိတယ်လို့ သုံးသပ်သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေရဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဦးညိုအုန်းမြင့်ပါ။

“ယူနန်အစိုးရအနေနဲ့ ဗဟိုအစိုးရရဲ့ မူအတိုင်းရှိပေမယ့် တချို့နေရာတွေမှာ သူ့အနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဆိုတာ တရုတ်အစိုးရရဲ့ ဘောင်ထဲမှာ သူ့လုပ်ပိုင်ခွင့်တချို့ရှိပါတယ်။ အဲဒီလုပ်ပိုင်ခွင့်ကနေပြီးတော့မှ လက်ရှိ ဦးသိန်းစိန်အစိုးရအပေါ်မှာ ဖိအားတစုံတရာ ပေးလာနိုင်တယ်။ သူတို့မကျေနပ်မချင်း ဒီကိစ္စက သူတို့ရဲ့နိုင်ငံရေးအရပါ တရုတ်အစိုးရအတွက် အင်မတန်ထိခိုက်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီအတွက်ကိုလည်း သူတို့အနေနဲ့ ၈ ရက်ကြာ ဒုတိယသမ္မတရဲ့ ခရီးစဉ်မှာ ဒီကိစ္စကို အခြေအတင် ဆွေးနွေးနိုင်တယ်လို့ ကျနော်ထင်တယ်။ ဒါပေမဲ့ ဒီပြဿနာတွေဟာ လွယ်လွယ်ကူကူ ပြေလည်နိုင်တဲ့ ပြဿနာတွေ မဟုတ်တဲ့အတွက်ကြောင့် ဆက်ဆံရေးကတော့ အရင်တုန်းကလို ဆွေမျိုးပေါက်ဖော် - အင်မတန်ရင်းနှီးတဲ့ ဒီ နအဖ လက်ထက်က ဆက်ဆံရေးမျိုး မဟုတ်တော့ဘဲနဲ့ တနိုင်ငံနဲ့တနိုင်ငံ အင်မတန်သတိထားတဲ့ ဆက်ဆံရေးမျိုး ရှိမယ်လို့ ကျနော် ထင်ပါတယ်။ ”

ဦးတင်အောင်မြင့်ဦးရဲ့ အခုခရီးစဉ်မတိုင်ခင် ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တရုတ်ပြည်ကို သွားပြီး တရုတ် ဒုတိယ သမ္မတနဲ့ရော နိုင်ငံခြားရေးဝန်ကြီးနဲ့ပါ တွေ့ဆုံဆွေးနွေးပြီး ဆည်စီမံကိန်းရပ်လိုက်လို့ ဖြစ်လာတဲ့ အငြင်းပွားမှုတွေကို ပြေလည်အောင် ဖြေရှင်းသွားကြမယ်လို့ ပြောခဲ့ကြပါသေးတယ်။

တရုတ်နိုင်ငံအနေနဲ့ ဒီလိုရင်းနှီးမြှုပ်နှံမှုမျိုးတွေဟာ မြန်မာတနိုင်ငံထဲနဲ့ လုပ်နေတာမဟုတ်ဘဲ တခြားနိုင်ငံတွေအများကြီးနဲ့လည်း လုပ်နေတာကြောင့် တရုတ်တို့အနေနဲ့က နိုင်ငံတကာ အခင်းအကျင်းကိုပါ ထည့်စဉ်းစားလိမ့်မယ်လို့ မြင်သူက ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းပါ။ ဒီကိစ္စဟာ ထင်တာထက် အများကြီး ကြီးနေနိုင်တာကြောင့် အပြင်းထန်ဆုံး ဖြစ်နိုင်ခြေနဲ့ အနိမ့်ဆုံးဖြစ်နိုင်ခြေတို့ကို သူက သုံးသပ်ပြပါတယ်။

“ဒီကိစ္စလောက်နဲ့ ဗမာပြည်ကို သူတို့ စွန့်လွှတ်တာ မလုပ်နိုင်ဘူးဗျ။ ဒီဘက်က သေနင်္ဂဗျူဟာအခင်းအကျင်းကို သူတို့ မစွန့်လွှတ်နိုင်ဘူး။ အခုအခါမှာက သူ့ဘက်က ကြည့်လို့ရှိရင် သူတို့ အရှေ့ဘက်မှာလည်း စပရက်တလေကျွန်း ပြဿနာနဲ့ အဲဒီနိုင်ငံနားက နိုင်ငံတွေနဲ့ပြဿနာဖြစ်နေတာ။ အခု အနောက်ဘက်မှာလည်း ဗမာပြည်နဲ့ဖြစ်တယ်ဆို သူတို့လည်း ပျော်စရာအခြေအနေမဟုတ်ဘူးဗျ။ အဲဒီတော့ အဲဒီလို အခြေအနေမှာ သခွပ်ပင်က မီးတကျည်ကျည် မဖြစ်အောင်လို့ တခုခုတော့ လုပ်လာလိမ့်မယ်လို့ ထင်တယ်။ ကျနော်ထင်တာက အလွယ်တကူပြောလို့ မရဘူး။ ဒါက ပြဿနာ ကြီးလည်းကြီးနိုင်တယ်၊ သေးလည်းသေးနိုင်တယ်။ ကြီးလည်းကြီးနိုင်တယ်ဆိုတာက ၂ နိုင်ငံ အရေးယူတာတွေ ဘာတွေ ဖြစ်နိုင်တယ်။ ဥပမာဆိုလို့ရှိရင် ဘယ်ကုန်တွေ ပိတ်တာတို့ ဘာတို့ အဲဒါမျိုးတွေပေါ့လေ၊ ကုန်သွယ်ရေးကို တရုတ်လုပ်နေကျအတိုင်း ကန့်သတ်လိုက်တာတို့ ဒါမျိုးတွေလုပ်ချင်လုပ်လာနိုင်တယ်။ ဒါမှ မဟုတ်လည်း ငွေလေး၊ ကြေးလေးလျော်လိုက်လို့ရှိရင် ပြီးတာပါပဲ ဆိုပြီးတော့ ကျောသပ်ချင်လည်း ကျောသပ်လွှတ်လိုက်မှာပဲ။ စောင့်ကြည့်ရအုံးမယ်လို့ ကျနော်ထင်ပါတယ်”

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းပါ။

မြန်မာစစ်အစိုးရအဆက်ဆက်ဟာ နိုင်ငံတကာမျက်နှာစာမှာ တရုတ်အစိုးရရဲ့ အကာအကွယ်ကို ယူခဲ့ရတာ နှစ်ပေါင်း ကြာခဲ့ပါပြီ။ ဒါကြောင့်လည်း သမ္မတဦးသိန်းစိန်က မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းလိုက်တာကို တရုတ်တို့ဘက်က အံ့အားသင့်သလို ဖြစ်စတုန်းကဆိုရင် လေသံခပ်မာမာနဲ့ ပြောခဲ့ဖူးတာတောင်တွေမှ ရှိပါတယ်။

ဒါကြောင့်လည်း အခု ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးရဲ့ ခရီးစဉ်အတွင်း ဆည်စီမံကိန်းကိစ္စကို ဘယ်လိုဖြေရှင်းခဲ့မယ်ဆိုတာကို တရုတ်-မြန်မာ ဆက်ဆံရေးလေ့လာသူတွေအပါအဝင် မြန်မာတနိုင်ငံလုံးက စောင့်ကြည့်နေကြမှာဖြစ်ကြောင်းပါခင်ဗျား။

XS
SM
MD
LG