သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အထူးသံ ဒေါ်စုနဲ့တွေ့


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell

မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် မူဝါဒရေးရာညျှိနှိုင်းရေးမှူူး Derek Mitchell ဟာ မနေ့က နေပြည်တော်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလွှတ်ပေးရေး၊ တိုင်းရင်းသားဒေသတွေမှာ အင်အားသုံးနှိပ်ကွပ်နေတာတွေကို အဆုံးသတ်ရေးစတဲ့ စိုးရိမ်မကင်းဖြစ်ရတာတွေကို ဆွေးနွေးပြောဆိုခဲ့ကြဖို့ ရှိတယ်လို့ အမေရိကန်သံရုံးက VOA ကိုပြောပါတယ်။

ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ နာရီအတန်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမည်မဖော်လိုသူ NLD အဖွဲ့ဝင်တဦးက အတည်ပြုပါတယ်။ ဒါနဲ့ပတ်သက်လို့ မစ္စတာ Derek Mitchell ရဲ့ ခရီးစဉ်ကို ဘန်ကောက်ကနေ စောင့်ကြည့်နေတဲ့ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံ တင်ပြပေးထားပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် Derek Mitchell က မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမူ ဆက်လက်ရှင်သန်ရေးအတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ရော မြန်မာ့နိုင်ငံရေးမှာ မဖြစ်မနေပါဝင်ရမယ့် သက်ဆိုင်သူတွေနဲ့ပါ ဆွေးနွေးပြောဆိုနိုင်ဖို့အတွက် သူ့အနေနဲ့ အတတ်နိုင်ဆုံး မကြာခဏဆိုသလို မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားတာဖြစ်တယ်လို့ ရန်ကုန်ရှိ အမေရိကန်သံရုံးက ဗွီအိုအေကို ပြောပြထားပြီး ဖြစ်ပါတယ်။

အခု သူ့ရဲ့ ၂ ရက်ကြာ ခရီးစဉ်အတွင်းမှာလည်း မနေ့တုန်းက နေပြည်တော်ကို ခရီးရောက်မဆိုက် သွားရောက်ခဲ့ပြီးတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အထူးကိုယ်စားလှယ် Derek Mitchell အနေနဲ့ မြန်မာတာဝန်ရှိသူတွေနဲ့ တွေ့တဲ့အခါတိုင်းလိုလိုမှာ ဒီအခြအနေ အချိန်အခါကောင်းကို အသုံးချပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးရေး၊ တိုင်းရင်းသားလူမျိုးစုတွေ၊ အတိုက်အခံ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ နျူကလီယား မပြန့်ပွားရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွေကို လိုက်နာရေး၊ တိုင်းရင်းသား လူနည်းစုတွေကို အကြမ်းဖက်နှိပ်ကွပ်နေတာတွေ အဆုံးသတ်ရေး စတဲ့ အမေရိကန်ပြည်ထောင်စုက အဓိက စိုးရိမ်မကင်း ဖြစ်နေရတဲ့အချက်တွေကို ဆွေးနွေးပြောဆိုမှာ ဖြစ်တယ်လို့လည်း အမေရိကန်သံရုံး ပြောခွင့်ရသူက ဗွီအိုအေကို ပြောပြထားပြီး ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အမေရိကန် အထူးကိုယ်စားလှယ် Derek Mitchell ဟာ မွန်းလွဲပိုင်းမှာ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်၊ ပြည်လမ်းမှာရှိတဲ့ အမေရိကန်သံရုံး ယာယီတာဝန်ခံရဲ့နေအိမ်မှာ နာရီအတန်ကြာ တွေ့ဆုံခဲ့တယ်လို့ အမည်မဖော်လိုတဲ့ NLD အဖွဲ့ဝင်တဦးက အတည်ပြု ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်နဲ့ သြဂတ်စ်လအတွင်းမှာ တွေ့ဆုံခဲ့ပြီးတဲ့နောက် မြန်မာအလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့လည်း ၂ ကြိမ်တိုင် တွေ့ဆုံခဲ့ပြီးတော့ အများပြည်သူအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ကြဝင်မယ်လို့ သဘောတူခဲ့ကြပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဖို့ အမေရိကန်ပြည်ထောင်စုက အစဉ်တစိုက် တိုက်တွန်းခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ဆွေးနွေးနိုင်တဲ့အဆင့်မှာ ရှိနေပေမဲ့လို့ တိုင်းရင်းသားဒေသတွေမှာ မြန်မာအစိုးရက အင်အားသုံး နှိပ်ကွပ်နေတာ၊ မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ကိုမင်းကိုနိုင်လို ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁,၈၀၀ ကျော် ကျန်ရှိနေသေးတာကြောင့် အမေရိကန်ပြည်ထောင်စုက ဘဝင်မကျဘဲ အမေရိကန် အထူးကိုယ်စားလှယ် Derek Mitchell မြန်မာနိုင်ငံကို တခေါက် အရောက်ပြန်လာခဲ့တာ ဖြစ်တယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်ရှင်။

XS
SM
MD
LG