သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားလွှတ်ရေး အမေရိကန်အထူးသံ ဆွေးနွေး


နိုင်ငံရေးအကျဉ်းသားလွှတ်ရေး အမေရိကန်အထူးသံ ဆွေးနွေး
နိုင်ငံရေးအကျဉ်းသားလွှတ်ရေး အမေရိကန်အထူးသံ ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ် Derek Mitchell ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ရေး အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီရေး တိုးတက်မှုတွေ ရှိလာဖို့အတွက် ဖိအားပေး ကြိုးစားခဲ့တယ်လို့ အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ်ဟာ တနင်္လာနဲ့ အင်္ဂါ ၂ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

စက်တင်ဘာလဆန်းမှာ မြန်မာနိုင်ငံကို ၅ ရက်ကြာခရီး သွားရောက်ခဲ့တဲ့ မစ္စတာ မစ်ချယ်ဟာ အခု အောက်တိုဘာလထဲမှာ ၂ ရက်ကြာခရီး ထပ်ပြီး သွားရောက်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် ရှိနေတာမို့ အားလုံးကို လွှတ်ပေးဖို့ အမေရိကန်အစိုးရက ဖိအားပေးနေပေမယ့် မကြာခင်ကမှ မြန်မာအာဏာပိုင်တွေ ပြန်ပြီး လွှတ်ပေးခဲ့တဲ့ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ နိုင်ငံရေးအကျဉ်းသားက ၂၀၀ ကျော်ပဲ ပါတာမို့ ဒီနိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး မစ္စတာမစ်ချယ်ရဲ့ ခရီးစဉ်အတွင်း ပြောဆိုဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Victoria Nuland ဗစ်တိုးရီးယား နျူလန်ကပြောပါတယ်။

“သူ့ရဲ့ ဒီတခေါက် ခရီးစဉ်အတွင်း သူဆောင်ရွက်မယ့် ကိစ္စတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ နဲ့ပတ်သက်ပြီး လုပ်ဆောင်ဖို့ ရှိပါတယ်။ ဘယ်သူတွေ လွတ်လာပြီး ဘယ်လိုလူကကျန်နေတယ် ဆိုတာကို မှန်မှန်ကန်ကန် တိတိကျကျ သိရဖို့ လုပ်ဆောင်မှာဖြစ်တဲ့ အပြင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်ပြီး လွတ်လာဖို့ ဆက်ပြီးဆွေးနွေးမှာ ဖြစ်ပါတယ်”

မြန်မာအစိုးရက လွှတ်ပေးခဲ့သူတွေထဲမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ မပါဝင်သလို ဦးခွန်ထွန်းဦးလို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အရှင်ဂမ္ဘီရတို့လို ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင် သံဃာ့အရေးအခင်းမှာ ဦးဆောင်ခဲ့သူတွေ မပါခဲ့ပါဘူး။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအပြင် တိုင်းရင်းသားတွေ နေထိုင်ရာဒေသတွေမှာ စစ်ရေးတိုက်ခိုက်မှုတွေ လုပ်နေတာနဲ့ လူ့အခွင့်ရေး ချိုးဖောက်နေတဲ့ ကိစ္စရပ်တွေ၊ တရားဥပဒေစိုးမိုးမှုဆိုင်ရာ ကိစ္စရပ်တွေကိုလည်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ရှိတာပါ။

“ သူ့အစီအစဉ်ထဲမှာ တွေ့ဆုံဆွေးနွေးရေးကို ဆက်ပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေးမှာဖြစ်သလို နိုင်ငံရေး အကျဉ်းသားတွေ ဆက်ပြီး ပိုလွှတ်ပေးလာဖို့ပါ။ ဒါ့အပြင် အမေရိကန်နိုင်ငံက တင်ပြထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးပြန်လွှတ်ပေးရေး အပါအဝင် ပြဿနာတွေအားလုံးအတွက် တိုးတက်မှုတွေရှိလာစေဖို့ ဖိအားပေးမှာလည်းဖြစ်ပါတယ် ”

အခုလို မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲလာစေဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဖိအားပေးခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

“ အခုတခေါက် ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့သလို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ နောက် သူတွေ့တာက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ”

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေးအတွက် အမေရိကန်အစိုးရက ချမှတ်ထားတဲ့ JADE ဥပဒေအရ သြဂုတ်လထဲမှာ ခန့်အပ်ခံခဲ့ရတဲ့ အမေရိကန် အထူးသံတမန် ဒဲရစ်မစ်ချယ်က သမ္မတ အိုဘားမားရဲ့ ဆုပေး၊ ဒဏ်ပေး မူဝါဒကို အကောင်အထည်ဖော်ဖို့ တပတ်မှာ ၇ ရက် တရက်မှာ ၂၄ နာရီ ကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံကို မသွားခင် တပတ်ကမှ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးဖို့နဲ့ မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံပါတီတွေ အထူးသဖြင့် NLD ပါတီ ပါဝင်ဆောင်ရွက်ခွင့်ရမယ့် နိုင်ငံရေး ပါတီမှတ်ပုံတင် ဥပဒေ ပြင်ဆင်တာလိုမျိုး အပြောင်းအလဲတွေကိုလုပ်မှ နောက်ပြန်လှည့်မသွားတဲ့ ခိုင်မာအပြောင်းအလဲလို့ အမေရိကန်နိုင်ငံက သတ်မှတ်မှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG