သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှင်ဂမ္ဘီရကျန်းမာရေး AHRC စိုးရိမ်


အရှင်ဂမ္ဘီရကျန်းမာရေး AHRC စိုးရိမ်
အရှင်ဂမ္ဘီရကျန်းမာရေး AHRC စိုးရိမ်

ရွှေဝါရောင်သံဃာလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်လို့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ အရှင်ဂမ္ဘီရရဲ့ ကျန်းမာရေး အခြေအနေဆိုးဝါးနေတာကြောင့်ဆိုပြီး အရှင်ဂမ္ဘီရကို ဖမ်းဆီးထားမှုနဲ့ပတ်သက်လို့ လူသားချင်း စာနာမှုထား စဉ်းစားပေးဖို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်ထံ လိပ်မူစာပေးပို့လိုက်ပါတယ်။ အရှင်ဂမ္ဘီရဟာ ပြီးခဲ့တဲ့ကာလက ရိုက်နှက်ခံခဲ့ရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကြောင့် ရာသီဥတုကြမ်းတဲ့ ကလေးထောင်မှာ စိတ်ရော ကိုယ်ပါ ချို့တဲ့ဆင်းရဲမှု ဖြစ်နေတယ်လို့ AHRC ရဲ့စာမှာ ဖော်ပြတာကိုတော့ ဒေါ်မေငြိမ်းက တင်ပြထားပါတယ်။

အရှင်ဂမ္ဘီရရဲ့ စိတ်ပိုင်းရော ရုပ်ပိုင်းကျန်းမာရေးပါ စိုးရိမ်စရာအခြေအနေရှိနေပြီး ဝေးလံခေါင်သီပြီး ရာသီ ဥတုကြမ်းတမ်းတဲ့ ကလေးအကျဉ်းထောင်မှာ ရှိနေတာကြောင့် ပိုပြီး စိုးရိမ်စရာရှိတယ်လို့ AHRC ရဲ့ စာမှာဖော်ပြပါတယ်။ ဒါကြောင့် အချိန်ဆိုင်းမနေဘဲ အရှင်ဂမ္ဘီရကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လိုတယ်လို့ AHRC အမှုဆောင်ညွှန်ကြားရေးမှူး Wong Kai Shing က သမ္မတဦးသိန်းစိန်ထံကို စာရေးသားထားပါ တယ်။ ဒီစာကိုတော့ သမ္မတဦးသိန်းစိန်အပြင် နေပြည်တော်က တရားသူကြီးချုပ် ပြည်ထဲရေးဝန်ကြီး တို့ကိုလည်း ပေးပို့ထားပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အိုင်စီအာစီနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ထံတွေကိုလည်း လိပ်မူထားပါတယ်။ အခု ကျန်းမာရေးအခြေအနေအောက်မှာ အရှင်ဂမ္ဘီရဟာ ထိထိရောက်ရောက် ဆေးဝါးကုသခွင့်လည်းမရဘူးလို့ AHRC ရဲ့ မြန်မာရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ခန္တီးအကျဉ်းထောင်အတွင်းမှာ အကျဉ်းကျနေစဉ်ကာလအတွင်းတုန်းက တလနီးပါးလောက် နေ့စဉ်ရက်ဆက်ဆိုသလို အရှင်ဂမ္ဘီရကို နှိပ်စက်ညှင်းပန်းခဲ့တာတွေရှိတယ်။ ဦးခေါင်းကိုရိုက်တယ်။ ကျောကုန်းကို ရိုက်နှက်ခဲ့တာတွေရှိတယ်။ အဲဒီဒဏ်တွေကြောင့် အရှင်ဂမ္ဘီရက ကလေးအကျဉ်းထောင်ကို ပြောင်းရတဲ့အခါမှာ အနာဟောင်းတွေ ပြန်ပေါ်တာရယ်၊ ရာသီဥတု ဒဏ်ကြောင့်ရယ်၊ ကျန်းမာရေး တော်တော် ဆိုးဆိုးဝါးဝါး ချို့တဲ့လာတယ်လို့ ကျနော်တို့ သိရပါတယ်၊ ဦးခေါင်းကို ရိုက်နှက်ခြင်းခံခဲ့ရတဲ့အတွက် တခါတရံမှာ မခံမရပ်နိုင်အောင် အော်ဟစ်ညည်းတွားတဲ့အခြေအနေအထိ ရောက်နေတယ်လို့ ကျနော်တို့ သိရတယ်”

တလောကပဲ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ကျန်းမာရေးမကောင်းမွန်သူတွေကို အချက်တချက်အနေနဲ့ စီစစ်လွှတ်ပေးခဲ့တယ်ဆိုပေမယ့် အရှင်ဂမ္ဘီရဟာ ဒီအထဲ မပါလာခဲ့ပါဘူး။ ရွှေဝါရောင်လှုပ်ရှားမှုရဲ့ ဦးဆောင်သံဃာတပါးဖြစ်တာကြောင့် မလွှတ်ဘဲထားခဲ့တယ်လို့ ဦးမင်းလွင်ဦးက ယူဆပါတယ်။

“ကျန်းမာရေး ချို့တဲ့တဲ့သူတွေ လွှတ်တယ်ဆိုပေမဲ့ အရှင်ဂမ္ဘီရကို မလွှတ်တာတော့ တမျိုး ကျနော်တို့ စဉ်းစားရမှာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၇ ရွှေဝါရောင် သံဃာတွေ စီတန်းလှည့်လည်တဲ့အခါမှာ ဦးဆောင်သံဃာဖြစ်တဲ့အတွက် မလွှတ်တာလား-ဆိုတာကိုလည်း ကျနော်တို့ စဉ်းစားဖို့ လိုပါတယ်။ ပြီးတော့ တခါ ဒီလိုမျိုးအခြေအနေမှာ လွှတ်ဖို့ မသင့်သေးဘူးလို့ ယူဆပြီးတော့ မလွှတ်တာလည်း ဖြစ်နိုင်ပါတယ်။ ”

အရှင်ဂမ္ဘီရဟာ ရွှေဝါရောင်သံဃာလှုပ်ရှားမှုဖြစ်အောင် လှုံ့ဆော်ကြိုးပမ်းခဲ့တဲ့ သံဃာ့တပ်ပေါင်းစုရဲ့ ဦးဆောင် ကိုယ်တော်တပါးဖြစ်ပါတယ်။ ရွှေဝါရောင်လှုပ်ရှားမှုကို မြန်မာအစိုးရက အကြမ်းဖက် နှိပ်ကွပ်ပြီးတဲ့နောက်တော့ ပုန်းအောင်းနေတဲ့နေရာမှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံခဲ့ရပြီး မန္တလေးထောင် ခန္တီးထောင်၊ နောက် ကလေးထောင်၊ အဆင့်ဆင့် ထောင်တွေ ပြောင်းရွှေ့ခံခဲ့ရပါတယ်။

မြန်မာအာဏာပိုင်တွေဘက်ကတော့ သမ္မတဦးသိန်းစိန်အနေနဲ့ ဖွဲ့စည်းပုံမှာပြဌာန်းထားတဲ့အတိုင်း နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် ပေးကောင်းပေးနိုင်ပါတယ်လို့ ပြောနေတုန်းပါ။ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ မကြာခင် ထပ်လွတ်လာဦးမယ်လို့လည်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။

XS
SM
MD
LG