သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖရီးဒမ်းဟောက်စ် ဆု ဒေါ်စုရရှိ


ဖရီးဒမ်းဟောက်စ် ဆု ဒေါ်စုရရှိ
ဖရီးဒမ်းဟောက်စ် ဆု ဒေါ်စုရရှိ

ဝါရှင်တန်အခြေစိုက် FreedomHouse အဖွဲ့ကြီးက နှစ် ၇၀ မြောက် နှစ်ပတ်လည် အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Freedom Award လွတ်လပ်မှုဆုကို ချီးမြှင့်လိုက်ပါတယ်။ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးစားရုန်းကန် လှုပ်ရှားမှုတွေအတွက် အခုလို ဆုချီးမြှင့်လိုက်တာလို့ Freedom House အဖွဲ့ကြီးက ပြောပါတယ်။

Freedom House အဖွဲ့ဟာ ကမ္ဘာတဝှမ်း လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေအတွက် လှုပ်ရှားနေသူတွေကို ၁၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဆုချီးမြှင့်တာဖြစ်ပြီး လွတ်လပ်စွာ ရေးသားမှုမှာ ဦးဆောင်တဲ့ Google နဲ့ နိုးကြားမှုရှိစေဖို့ ဆောင်ရွက်ခဲ့တဲ့ Washington Post သတင်းစာ အယ်ဒီတာ အဖွဲ့တွေကိုလည်း ဆုချီးမြှင့်ခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ဒုတိယ ကမ္ဘာစစ်ဒဏ် ခံနေရချိန် ၁၉၄၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ Freedom House အဖွဲ့ဟာ သက်တမ်းအရင့်ဆုံး လူ့အခွင့်ရေး အဖွဲ့ကြီးဖြစ်ပါတယ်။ Freedom House အဖွဲ့ကြီးရဲ့ နှစ် ၇၀ ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ချီးမြှင့်မယ့် Freedom Award လွတ်လပ်မှုဆုကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Freedom House အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ ဒေးဗစ် ဂျေ ခရေမာ David J. Kramer ကပြောပါတယ်။

“လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ လှုပ်ရှားရုန်းကန်နေကြရတဲ့ မြန်မာနိုင်ငံသားတွေအတွက်သာမကဘဲ ဒီလိုရုန်းကန်နေကြရတဲ့ ကမ္ဘာတဝှမ်းက လူတွေကိုပါ ဒေါ်အောင်ဆန်းစုကြည်က အားကျစေခဲ့ပါတယ်။ ဒါ့ပြင် သူ့နိုင်ငံ လွတ်လပ်ရေးရဖို့ တောင်းဆိုတဲ့အခါမှာ အကြမ်းမဖက်တဲ့ နည်းလမ်းဆိုတာ ဘာလဲဆိုတာ သိလာအောင် ကိုယ်တိုင် လက်တွေ့ဦးဆောင်ပြီး လုပ်ပြနေတဲ့သူ ဖြစ်ပါတယ်။

သူ့နိုင်ငံနဲ့ သူ့နိုင်ငံသားတွေအတွက် အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ရုန်းကန်ကြိုးစားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြတ်နိုးလေးစား ဂုဏ်ယူကြောင်း ပြသနေသူတွေထဲမှာ Freedom House ကလည်း ပါဝင်တယ်ဆိုတာ ပြချင်လို့ပါ။ နောက် အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းဒေသအရေးကို အားလုံးက စိတ်ဝင်တစား ဖြစ်နေကြချိန်မှာ အလားတူ လွတ်လပ်ရေးအတွက် ကြိုးပမ်း နေကြတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးလည်း ရှိနေသေးတယ်ဆိုတာ ကမ္ဘာက မမေ့စေချင်တာလည်း ပါပါတယ်”

လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ အတွင်း ကမ္ဘာတဝှမ်း လွတ်လပ်မှု အရသာ အပြည့်အ၀ ခံစားကြစေဖို့အတွက် ပညာပေး အစီအစဉ် အမျိုးမျိုးနဲ့ ကိုယ်တိုင်လှုပ်ရှားခဲ့တဲ့ အဖွဲ့ကြီးက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၅ နှစ် အတွင်း ပထမဆုံး ဂုဏ်ပြုနိုင်တဲ့အတွက် ဝမ်းမြောက်တယ်လို့ ဆိုပါတယ်။

“ Freedom House က အခုလို ဆုမပေးတာ ၁၅ နှစ်ရှိပါပြီ။ ဒါပေမယ့် လူ့အခွင့်ရေးနဲ့ လွတ်လပ်မှုကို သိရှိခံစားလာစေဖို့ ကြိုးပမ်းလုပ်ဆောင်နေသူတွေ၊ လှုပ်ရှားတဲ့သူတွေကို အသိမှတ်ပြု ထုတ်ဖော်ရေး ဟာ သိပ်ကိုအရေးကြီးတယ်လို့ ခံယူ မိတာနဲ့အမျှ ကမ္ဘာတဝှမ်းမှာ လိုက်ကြည့်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်လောက် စွမ်းဆောင်နိုင်သူကို မတွေ့ရပါဘူး။ အခုလို ကျွန်တော်တို့ အဖွဲ့က ပေးတဲ့ ဆုကို သူလက်ခံခဲ့ပြီး ဗီဒီယိုမိန့်ခွန်း ပေးပို့မှာမို့ သူ့ကို အခုလိုဂုဏ်ပြုရတာ ကျွန်တော်တို့ ကျနော်တို့ သိပ်ကို ဝမ်းမြောက်ခဲ့ရပါတယ်”

Freedom House အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့ ညနေ ၇ နာရီခွဲမှာ ဝါရှင်တန်ဒီစီမှာရှိတဲ့ နယူဆီယမ် Newseum အဆောက်အဦးမှာ ထင်ရှားတဲ့ အမေရိကန် လွှတ်တော်အမတ်တွေ ပါဝင်တဲ့ ကော်မတီ ရှေ့မှောက် ဆုပေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ ပေးမယ့်ဆု အားလုံးပေါင်း လေးခုပါ။ Freedom Award လွတ်လပ်မှုဆုရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိန့်ခွန်းကို အခမ်းအနားမှာ ဖွင့်ပြမှာဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ ပေးမယ့်ဆုတွေထဲမှာ Corporate Leadership Award လို့ခေါ်တဲ့ လွတ်လပ်စွာ ထုတ်ဖေါ်မှု အတွက် ဦးဆောင်တဲ့ဆုကို ချီးမြှင့်မှာဖြစ်ပြီး ဒီဆုကို Google အဖွဲ့က ရရှိခဲ့ပါတယ်။ ကမ္ဘာတဝှမ်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ဆိုင်ရာဆောင်းပါးတွေ အယ်ဒီတာ့ အာဘော်တွေကို ထူးထူးခြားခြား တင်ဆက်လေ့ရှိတဲ့ ဝါရှင်တန်ပို့စ် သတင်းစာကြီးရဲ့ အယ်ဒီတာအဖွဲ့ကိုတော့ Raising Awareness Award လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုဆိုင်ရာ အသိပညာကို မြှင့်တင်နိုင်တဲ့ ဆုကို ချီးမြှင့်တာဖြစ်ပြီး Freedom House အဖွဲ့ကြီးရဲ့ ဘုတ်အဖွဲ့ဝင် လူကြီးတဦးဖြစ်သူ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သံတမန်ရေးရာတွေကို တသက်တာလုံးဆောင်ရွက်ခဲ့သူ Max M. Kampelman ကိုတော့ Lifetime Achievement Award တသက်တာ အောင်မြင်မှုဆုကို ချီးမြှင့်တာ ဖြစ်ပါတယ်။

XS
SM
MD
LG