သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မနက်ဖြန် မြန်မာနိုင်ငံ ရောက်မည်


အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty M. Natalegawa

မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်မှာ အာစီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူဖို့ အဆင်သင့်ဖြစ်မဖြစ် အကဲခတ် လေ့လာဖို့အတွက် လက်ရှိ အာစီယံအလှည်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Netalegawa နဲ့ အဖွဲ့ဟာ မနက်ဖြန် မြန်မာနိုင်ငံကို ၃ ရက်ကြာခရီး ရောက်ရှိမှာဖြစ်ပါတယ်။

ဝန်ကြီး Marty က မြန်မာနိုင်ငံကို အာစီယံဥက္ကဋ္ဌ တာဝန်ပေးရေးအပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့သဘောထားကို နားထောင်လိုပါတယ်လို့ ပြီင်္းခဲ့တဲ့လက ပြောဆိုထားတာနဲ့ အညီ ဒီခရီးစဉ်အတွင်း လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့တွေ့ဖို့ အစီအစဉ်ရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနက အတည်ပြုပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ အစီအစဉ်ကိုတော့ ညှိနှိုင်းနေဆဲမို့ အတည်ပြုချက် မပေးသေးပါဘူး။ ဒီသတင်းအစုံအလင်ကိုတော့ ဘန်ကောက်ကနေ ဗွီအိုအေ ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

အင်ဒိုနီးရှား၊ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါရဲ့ မြန်မာနိုင်ငံ အကဲဖြတ် လေ့လာရေးခရီးစဉ်နဲ့အတူ လိုက်ပါသွားမယ့် ပြောခွင့်ရပုဂ္ဂိုလ် မိုက်ကယ်တီနေ (Michael Tene) က ဒီခရီးစဉ်အတွင်းမှာ နေပြည်တော် က မြန်မာအစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ရော၊ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ စီစဉ် ထားတယ်လို့ ဗီအိုအေကို အခုလို အတည်ပြုပါတယ်။

အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ နောက်ပြီးတော့ မြန်မာ သမ္မတကိုလည်း နှုတ်ဆက်မှာပါ။ မြန်မာ နိုင်ငံခြားရေးဝန်ကြီးအပြင် မြန်မာအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်။ အာစီယံအရေး တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ ပြောပြသွားတာပါ။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက နယူးယောက်မြို့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်တဲ့ခရီးစဉ်အတွင်း မြန်မာ့အရေးကို ပြောဆိုကြရာမှာ မြန်မာနိုင်ငံ အာစီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးရေးကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ သဘောထားကို သူနားထောင်လိုပါတယ်လို့ ပြောဆိုသွားတာပါ။

ဒါကြောင့် ဒီခရီးစဉ်အတွင်းမှာ ဝန်ကြီး မာတီ နာတာလီဂါဝါအနေနဲ့ ဘယ်လိုလူထုအခြေပြုအဖွဲ့အစည်းတွေနဲ့
တွေ့ဆုံမယ်လို့ ထုတ်ဖော်မပြောဆိုပေမယ့် ရန်ကုန်မှာရှိတဲ့ လူထု အခြေပြုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ မိုက်ကယ် တီနေက အတည်ပြုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ အစီအစဉ်ကိုတော့ မိုက်ကယ်လ်တီနေက အခုလိုပြောပါတယ်။

တွေ့ဆိုဖို့စီစဉ်ထားပါတယ်။ ဒါပေမယ့် အစီအစဉ်အသေးစိတ်က ညှိနှိုင်းနေဆဲဖြစ်တာကြောင့် သူ့အနေနဲ့ အတည်ပြုချက်မပေးနိုင်သေးဘူးလို့ ပြောဆိုသွားတာပါ။ ဒါပေမယ့် သူကဆက်လက်ပြီးတော့ ဒီ ခရီးစဉ် အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ဖြစ်နိုင်တယ်ဆိုတာကို အဲဒီခါကျရင် လက်တွေ့ သိရမှာပါလို့သာ သံတမန်ထုံးစံအရ မိုက်ကယ်တီနေက ဖြေဆိုသွားပါတယ်။

NLD နဲ့နီးစပ်တဲ့ သတင်းရပ်ကွက်ကတော့ အင်ဒိုနီးရှားဝန်ကြီး မာတီ နာတာလီဂါဝါနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဖို့ရှိတာကို သိရတယ်လို့ ဗွီအိုအေကိုပြောပြပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါနဲ့အဖွဲ့ဟာ အောက်တိုဘာလ ၂၈ ရက်နေ့၊ သောကြာနေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိပြီးတော့ နေပြည်တော်ကို စနေနေ့မှာသွားရောက်ဖို့ စီစဉ်ထားပါတယ်။

နေပြည်တော်ကနေ ရန်ကုန်ကိုပြန်လာပြီးတော့ အောက်တိုဘာလ ၃၀ ရက်နေ့၊ တနင်္ဂနွေနေ့မှာ ပြန်လည် ထွက်ခွာဖို့ ရှိတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဗီအိုအေကို အတည်ပြုပြောဆိုထားပါတယ်။

XS
SM
MD
LG