ထောင်ဒဏ်ကျခံနေသူတွေကို ပါတီဝင်အဖြစ် မသတ်မှတ်ရဆိုတဲ့အချက် အပါအဝင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းတရပ်ကို ဒီကနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ ဒီဥပဒေမူကြမ်းကို လွန်ခဲ့တဲ့အပတ်က အမျိုးသားလွှတ်တော်က အတည်ပြုထားတာလည်း ဖြစ်ပါ တယ်။ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြန်ပြီးတော့ မှတ်ပုံမတင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်ကတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အမှန် တကယ်သွားနေတယ်ဆိုရင် တင်းကျပ်တဲ့ ဥပဒေစည်းမျဉ်းတွေကို ပြုပြင်ဖို့လိုအပ်တယ်လို့ သုံးသပ် ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။
ပြင်ဆင်ချက် ၃ ချက်ပါဝင်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော် အတည်ပြုကြောင်းဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒီလို အတည်ပြုဆုံးဖြတ်လိုက်တဲ့ ဥပဒေမူကြမ်းဟာ အရင် ဥပဒေထက်စာရင် တစုံတရာ တိုးတက်လာတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးသိန်းညွန့်က ပြောပါတယ်။
“ဒီပြင်ဆင်ချက် ၃ ချက်လုံးက အရင် ဥပဒေထက်စာရင် တစုံတရာ တိုးတက်လာတာပေါ့။ အရင်တုံးက ပုဒ်မ ၆ (ဂ) မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး ဆို ရေးထားတယ်။ အခုတော့ လေးစားလိုက်နာရေးဆိုပြီးတော့ ပြင်ဆင်လိုက်တာပေ့ါ။ အဲလိုပဲ အရင်တုန်းက နိုင်ငံရေးပါတီထဲမှာ ပါတီဝင်တွေဟာ ထောင်ဒဏ်ကျခံနေသူမဟုတ်ရဘူးလို့ ပုဒ်မ ၁၀ (င) မှာ သတ်မှတ်ထား တယ်။ အခုတော့ ဒ ီ၁၀ (င) ကို ပယ်ဖျက်လိုက်ပြီ။ နိုင်ငံသားအခွင့်အရေးကို ရဖို့အတွက် မူလပြဌာန်းချက်ကို ပယ်ဖျက်တာ။ ဒါကလည်း တိုးတက်လာတာပေါ့”
နောက် ပြင်ဆင်တဲ့အချက်တခုကတော့ ပုဒ်မ ၁၂ (က)/၁ ကို ရှင်းလင်းချက် ထပ်ထည့်တာ ဖြစ်ပါတယ်။
ဒီအချက်ကတော့ လွှတ်တော်သက်တမ်းတခုအတွင်းမှာ ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက် မှတ်ပုံတင်တဲ့ ပါတီတွေဟာ ဒီလွှတ်တော်သက်တမ်းအတွင်း မဲဆန္ဒနယ် ၃၀ ထက်မနည်း ကျင်းပ ကြားဖြတ် ရွေးကောက်ပွဲမှာ အနည်းဆုံး မဲဆန္ဒနယ် ၃ နယ် ဝင်ရောက်ယှဉ်ပြိုင်ရမယ် ဆိုတဲ့အချက် ဖြစ်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။
အရင်ဥပဒေမှာ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၃ နေရာမယှဉ်ပြိုင်နိုင်တဲ့ပါတီတွေကို ပါတီ အဖြစ် ဆက်လက် ရပ်တည်ခွင့် မရှိ ဆိုတဲ့အချက်ကို ရှင်းလင်းချက် ထပ်မံ ဖြည့်စွက်တာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်က ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးအောင်သိန်းကတော့ ထောင်ဒဏ် ကျခံနေသူတွေကို ပါတီဝင်အဖြစ် မသတ်မှတ်ရဆိုတဲ့အချက်ကို ပြင်ဆင်တဲ့အပေါ်မှာ သူ့အမြင်ကို အခုလို ပြောပါတယ်။
“အဲဒီဟာကတော့ တကယ်ကို ပြင်သင့်တဲ့အချက်ပါ။ ပါတီဝင်ရဲဘော်တွေဟာ အကြောင်းအမျိုးမျိုး ကြောင့် ထောင်ထဲမှာ ထောင်ဒဏ်ကျခံနေရတဲ့ အနေအထားမျိုးတွေ ရှိတယ်ဗျာ။ ဒီလူတွေကို ပါတီဝင် စာရင်းထဲတောင် တို့ထားခွင့် မရှိဘူးဆိုရင် သူတို့ရဲ့ နိုင်ငံရေးလုပ်ကိုင်ခဲ့ပြီးတော့ ထောင်ဒဏ်ကျသွား တာတွေကို အပြင်မှာ ရှိနေတဲ့ ရဲဘော်တွေက အသိအမှတ်မပြုတဲ့သဘောမျိုး၊ ပါတီကပါ အသိအမှတ် မပြုအောင်လုပ်တဲ့ တင်းကျပ်တဲ့ အဲဒီဟာကြီး ပယ်ဖျက်လိုက်တာတော့ ကျနော်တို့က ဘာပဲပြောပြော သဘောတူပါတယ်။ ဒါ-ဖျက်လည်း ဖျက်သင့်ပါတယ်။ အဲဒီတင်းကျပ်တဲ့ဟာကြီးနဲ့ သူတို့ ပထမ ရွေးကောက်ပွဲကြီးကို လုပ်ခဲ့သွားတာကိုးဗျ”
ဒီ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ထုတ်ပြန်စဉ်က NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ်ချမှတ်ခံရပြီး နေအိမ်အကျယ်ချုပ်ကျခံနေရတာဖြစ်ပါတယ်။ NLD ပါတီကတော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ နည်းဥပဒေတွေကို လက်မခံတာကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မှတ်ပုံမတင်ခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေမူကြမ်း အတည်ပြုကြောင်း ဆုံးဖြတ်တဲ့အပေါ်မှာတော့ ဦးအောင်သိန်းက အခုလို သုံးသပ်ပါတယ်။
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးကို ဆောင်ရွက်ဖို့ အားလုံး နိုင်ငံသားတွေမှာ တာဝန်ရှိသလို ကျနော်တို့ ပါတီတွေမှာလည်း တာဝန်ရှိပါတယ်။ ဒါပေမဲ့ တင်းကျပ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ် စည်းကမ်း ဥပဒေတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေဟာ ပါတီ တရပ် ရပ်တည်ပိုင်ခွင့်ကို ပိတ်ပင်တားဆီးနိုင်တဲ့ဟာတွေကို မလျှော့ပေးဘူး၊ ဆက်သွားမယ် ဆိုရင်တော့ ကျနော်တို့ ဒီကနေ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေပါတယ်ဆိုတဲ့ ဖွဲ့စည်းပုံကြီးဟာ အဟောသိကံ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ပြုသာပြင်သာမှန်သမျှကို ပြုသာပြင်သာဖြစ်အောင် လုပ်ကိုလုပ်ရမယ့် တာဝန်တွေဟာ ကျနော်တို့နိုင်ငံသူ နိုင်ငံသားတွေမှာရှိသလို ပါတီတွေမှာလည်း ရှိတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီလို ပြင်ဆင်ပြောင်းလဲတာကြောင့် ပါတီမှတ်ပုံပြန်တင် မတင်ဆိုတာ ကတော့ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်တွေ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အောက်တိုဘာလ ၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီလ ၁၈ ရက်နေ့က အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီးနောက် ဒီကနေ့မှာ ပြည်ထောင်စုလွှတ်တော်က ထပ်မံ အတည်ပြုလိုက်တာဖြစ်ပါတယ်။