သုံးရလွယ်ကူစေသည့် Link များ

လယ်ယာမြေဥပဒေမူကြမ်းသစ် လယ်သမား ရပိုင်ခွင့်ဆုံးရှုံး


လယ်ယာမြေဥပဒေမူကြမ်းသစ် လယ်သမား ရပိုင်ခွင့်ဆုံးရှုံး

မြန်မာနိုင်ငံမှာ အသစ်ပြဌာန်းဖို့ မကြာခင်ကမှ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ “၂၀၁၁ ခုနှစ် လယ်ယာမြေ ဥပဒေမူကြမ်း” ကို မကျေနပ်ကြတာကြောင့် ရန်ကုန်မြို့ အိုးအိမ်ဦးစီးဌာနရှေ့မှာ စုစုပေါင်း လယ်မြေဧက ၁၀,၀၀၀ လောက် အသိမ်းခံထားရတဲ့ လယ်သမား ၆၀ ကျော်လောက်က ကြာသပတေးနေ့က ထိုင်သပိတ်မှောက်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။

ဒီ လယ်ယာမြေ ဥပဒေမူကြမ်းဟာ တောင်သူလယ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ဆုံးရှုံးစေတယ်လို့လည်း ဥပဒေအကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

နိုင်ငံ့စီးပွားရေးကဏ္ဍမှာ ၈၀ ရာခိုင်နှုန်းနေရာယူထားတဲ့ မြန်မာ့လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး အစိုးရအသစ်လက်ထက်မှာ ပြဌာန်းဖို့စတင်လိုက်တဲ့ ဥပဒေဟာ ၂၀၁၁ ခုနှစ် လယ်ယာမြေဥပဒေမူကြမ်းပါ။ ဒီဥပဒေဟာ တောင်သူလယ်သမားတွေရဲ့ရပိုင်ခွင့်တွေကို ဆုံးရှုံးစေပေမယ့် ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်တာမျိုး မတွေ့ရဘူးလို့ သပိတ်မှောက်ကန့်ကွက်သူတွေနဲ့ လိုက်ပါလာခဲ့တဲ့ ရှေ့နေဦးဖိုးဖြူက ပြောပါတယ်။

"တောင်သူလယ်သမားတွေမှာ ဥပဒေကြောင်းအရ ဆောင်ရွက်ရမဲ့ လုပ်ငန်းစဉ်တွေ ကုန်နေပြီ။ ဒါကြောင့်မို့ ကျွန်တော်တို့ လူလုံးပြပြီး လူကိုယ်တိုင်ထွက်ပြီး အင်အားပြ ဆောင်ရွက်ရတာပဲဖြစ်တယ်"

အင်္ဂလိပ်လက်ထက်မှာ လယ်ယာမြေ အခွန်ထမ်းဆောင်သူမှန်သမျှ ကိုယ်စိုက်ချင်ရာ ကိုယ်စိုက်ပျိုးနိုင်ပြီး ကြေးတိုင်နဲ့မြေစာရင်းဌာနမှာ မှတ်ပုံတင် အခွန်ဆောင်ရင် ဂရမ်မြေနှစ်ချုပ်နဲ့ စိုက်ပျိုးနိုင်ပါတယ်။ လွတ်လပ်ရေးရပြီးခဲ့တဲ့နောက် ၁၉၅၃ ခုနှစ်မှာ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ လန ၃၉ ကို ထုတ်ပြန်ခဲ့ပါတယ်။ အခုဥပဒေမူကြမ်းဟာ တောင်သူလယ်သမားတွေရဲ့ရပိုင်ခွင့်ကို အရင်ဥပဒေလောက် အကာအကွယ်ပေးမထားနိုင်ဘူးလို့ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

"၁၉၅၃ ခုနှစ်မှာ ပြဌာန်းထားတဲ့ဥပဒေဆိုရင် နိုင်ငံတော်က မည်သည့်လယ်ယာမြေကိုမဆိုသိမ်းဆည်းနိုင်တယ်။ သို့သော်လည်းပဲ အဲဒီလို လယ်ယာမြေကို သိမ်းတယ်ဆိုရင် သိမ်းဆည်းခံရတဲ့ တောင်သူလယ်သမားတွေကို လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် လယ်ယာမြေအစား မပေးမဖြစ်ပေးရတဲ့ ကန့်သတ်ချက်ရှိတယ်။ အခု အသစ်ပြဌာန်းတဲ့ဥပဒေမှာတော့ အဲဒီလို ပြဌာန်းချက် ပါမလာတာကို တွေ့ရတယ်”

တခြားဥပဒေတွေထဲက တောင်သူလယ်သမားတွေကို အကာအကွယ်ပေးထားတဲ့ အချက်တွေဟာလည်း အခု ဥပဒေသစ်ထဲမှာ မပါဘူးလို့ ဆိုပါတယ်။

“၁၉၆၃ ခုနှစ်၊ သီးစားချထားရေးဥပဒေ၊ ၁၉၆၅ ခုနှစ် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေး ဥပဒေတွေမှာ တောင်သူ လယ်သမားတွေ အသုံးပြုတဲ့ လယ်ယာမြေ ပစ္စည်းတွေကို မည်သည့်အစိုးရကမှ သိမ်းဆည်းပိုင်ခွင့် မရှိဘူး။ တောင်သူလယ်သမားတွေကို လယ်ယာမြေထဲ ၀င်ခွင့်မရှိဘူးလို့ တားဆီးပိတ်ပင်လို့ မရဘူး၊ အခု ဥပဒေအရ ယခင်ပြဌာန်းထားတဲ့ ဥပဒေပါ ပြဌာန်းချက်တွေကို ပယ်ဖျက်လိုက်တဲ့အတွက် တောင်သူလယ်သမားတွေ မိမိတို့လယ်ယာမြေတွေ အသိမ်းခံရတဲ့အခါမှာ စိုက်ပျိုးလုပ်ကိုင် စားသောက်ရင်း တန်းလန်းဖြစ်နေသော်လည်းပဲ မိမိလယ်ယာမြေထဲကို မိမိ ပြန်လည်ဝင်ရောက်ပြီးတော့ လုပ်ကိုင်ခွင့် မရှိဘူး။ အရင်ပြဌာန်းထားတဲ့ ဥပဒေအရ ဆိုလို့ရှိရင် မိမိကြိုက်တဲ့ ဆန်စပါး၊ ပြောင်း၊ နှမ်း၊ ၀ါ စိတ်ကြိုက်စိုက်ပျိုးနိုင်သော်လည်းပဲ အသစ်ပြဌာန်းတဲ့ ဥပဒေမှာက အဲဒီလို ရွေးချယ်ပိုင်ခွင့် မရှိဘူး။

နိုင်ငံတော် သမ္မတက ပိုပြီးတော့ အကျိုးဖြစ်မယ်လို့ ထင်မြင်ရင် အစိုးရချထားပေးတဲ့ စီမံကိန်းသီးနှံကို တောင်သူလယ်သမားတွေက မစိုက်မဖြစ်၊ စိုက်ပျိုးရမှာဖြစ်တယ်။ စိုက်ပျိုးထွက်ရှိတဲ့ ကုန်ပစ္စည်းတွေကိုလည်း မည်သည့်ဈေးနှုန်းနဲ့ ၀ယ်ယူမယ်ဆိုတာကိုတော့ ဥပဒေထဲမှာ ထည့်သွင်းရေးဆွဲထားတာ မတွေ့တဲ့အတွက် စစ်အစိုးရလက်ထက်မှာလုပ်ခဲ့သလို အစိုးရသစ်လက်ထက်မှာလည်း တောင်သူလယ်သမားတွေဆီက ကုန်သည်တွေက အနိမ့်ဆုံးဈေးနဲ့ပဲ ၀ယ်ယူမယ့် အခြေအနေမျိုး ဖြစ်နေတယ်ဆိုတာကို တွေ့ရတယ်”

ဒီဥပဒေမူကြမ်းကို သြဂုတ်လကုန်က တင်သွင်းခဲ့ပေမယ့် ဒီဥပဒေထဲမှာ တောင်သူလယ်သမားတွေအတွက် ရပိုင်ခွင့်တွေ ဆုံးရှုံးစေတာကို အတည်ပြုပေးမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ သေသေချာချာ သိပုံမရဘူးလို့လည်း တွက်ပါတယ်။

“ပြည်သူ့လွှတ်တော်ကို တင်သွင်းတဲ့အခါမှာ တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အချိန်မီဆွေးနွေးနိုင်အောင် အချိန်လုံလောက်စွာ မပေးခဲ့ဘူး။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေနဲ့ မနီးစပ်တဲ့သူတွေပါတယ်။ ဒီဥပဒေတွေကို အသေးစိတ်နားလည်အောင်ဖတ်ဖို့အတွက် အချိန်မပေးနိုင်တာပါတယ်။ နောက်ပြီးတော့တခါ ဒီဥပဒေတွေရဲ့ အကျိုးအပြစ်တွေကို အကြံဉာဏ်ပေးနိုင်မယ့် အရင်းအမြစ် source တွေ ခိုင်ခိုင်မာမာ သူတို့မှာမရှိတာတွေ၊ အဲဒီတော့ ခိုင်ခိုင်မာမာ ပြောဆိုနိုင်ခြင်းမရှိတဲ့အတွက် နဂိုရ်ကတည်းက ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းအတိုင်းပဲ အထက်က အတည်ပြုဖို့အတွက် ဖြစ်လာတယ်လို့ ကျနော်တို့ အစဉ်အဆက်အရ အဲဒီလိုပဲ တွေ့နေရပါတယ်”

မကြာခင်ကမှ အတည်ပြုခဲ့တဲ့ ဒီဥပဒေမူကြမ်းကို ပြင်ဆင်မယ်ဆိုရင် နောက်တကြိမ်ကျင်းပမယ့် ပြည်သူ့လွှတ်တော်သက်တမ်း ဒါမှမဟုတ် နောက်တကြိမ် အစည်းအဝေးမှာမှ အကျိုးအပြစ်တွေ တင်ပြဆွေးနွေးနိုင်တော့မှာမို့ ငွေရှင်ကြေးရှင်တွေ၊ အရင်စစ်အစိုးရနဲ့ရင်းနှီးတဲ့ ကုမ္ပဏီပိုင်ရှင်တွေလက်ထဲကို ရောက်နေတဲ့ လတ်တလောအသိမ်းခံခဲ့ရတဲ့ စိုက်ပျိုးမြေတွေရဲ့ မူလပိုင်ရှင် တောင်သူလယ်သမားတွေဟာ ရပိုင်ခွင့်တွေ ဆုံးရှုံးမှုရှိတယ်လို့လည်း ရှေ့နေတွေက ထောက်ပြကြပါတယ်။

XS
SM
MD
LG