ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ထဲက ရေကြီးနေတဲ့ မြေနိမ့်ပိုင်းနေရာ ၂ ခုမှာနေကြသူတွေကို အိမ်မှာမနေဘဲ အနီးအနားက ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းနေကြဖို့ သက်ဆိုင်ရာက တိုက်တွန်းနေပါတယ်။
အဆောက်အဦးတွေ ရေအောက်ရောက်လုဖြစ်နေတဲ့ Don Muang နဲ့ Bang Phalad အရပ်မှာ နေကြသူတွေကို ဘေးလွတ်ရာ ပြောင်းနေကြဖို့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးမှူး ဆူခွန်ဘန် ပရာဘတ် (Sukhumbhand Paribatra) က ဗုဒ္ဒဟူးနေ့ နှောင်းပိုင်းထဲက သတိပေးထားပါတယ်။
ဘန်ကောက်မြို့တော်ရဲ့ ဒုတိယအကြီးဆုံး Don Muang လေဆိပ်ကိုလဲ ပိတ်ထားပါတယ်။ ဒီသီတင်းပတ်မကုန်ခင် ဘန်ကောက်တမြို့လုံး ရေတွေကြီးနိုင်တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ပြေးနိုင်ကြဖို့လည်း အစိုးရက ၅ ရက် ရုံးပိတ်တယ်လို့ ကြေညာထားပါတယ်။ Bus ကားဂိတ်တွေနဲ့ အဓိက နိုင်ငံတကာလေဆိပ်မှာ လူပေါင်း ထောင်ပေါင်းများစွာနဲ့ အပြည့်ဖြစ်နေပါတယ်။
မြို့ပြင်ထွက်တဲ့ အဝေးပြေးလမ်းမတွေပေါ်မှာလည်း စိုးရိမ်နေကြတဲ့ ခရီးသည်တွေနဲ့ ထောင်နဲ့ချီတဲ့ ကားတွေ ပြည့်ကြပ်နေပါတယ်။ ဒီရေကလည်း တက်နေတဲ့အတွက် ကျောက်ဖရားမြစ်ရေဟာ ကမ်းပါးကို ကျော်လုဆဲဆဲ ဖြစ်နေပါတယ်။
ဒီသတင်းပတ်မကုန်ခင်မှာ ဘန်ကောက်မြို့ထဲက ရေချိန်ဟာ ၅ ပေလောက်ရှိလိမ့်မယ်လို့ ဝန်ကြီးချုပ် Yingluck Shinawatra က ပြောပါတယ်၊ အရင်နှစ်တွေနဲ့ မတူအောင် မုတ်သုန်မိုးတွေရွာခဲ့လို့ ထိုင်းနိုင်ငံမှာ July လလယ်ထဲကစ ရေကြီးနေတာ ဖြစ်ပြီး သေဆုံးသူ ၃၇၃ ယောက် ကျော်သွားပါပြီ။