သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ငွေကြေးဈေးကွက် ပြန်တက်


ကမ္ဘာ့ငွေကြေးဈေးကွက် ပြန်တက်

ဂရိနိုင်ငံအကြွေးတ၀က်ကို လျှော့ချပေးမယ်ဆိုတဲ့အစီအစဉ်ကို ဥရောပသမဂ္ဂက မနေ့ကအတည်ပြုပေးတဲ့နောက် ကမ္ဘာ့ငွေကြေးဈေးကွက် ပြန်မြင့်လာခဲ့ပါတယ်။

အကြွေးပိပြီး အကျပ်ရိုက်နေတဲ့ဂရိနိုင်ငံအတွက် တင်နေတဲ့အကြွေးတွေရဲ့တ၀က်ကို လျှော့ချပေးမယ် ဆိုတဲ့ အစီအစဉ်တရပ်ကို EU ဥရောပသမဂ္ဂက မနေ့ကပဲ အတည်ပြုချက် ချခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ငွေကြေး ဈေးကွက် ပြန်ပြီးတော့ မြင့်တက်လာခဲ့ပါတယ်။ ယူရိုငွေကြေးသုံးစွဲတဲ့နိုင်ငံတွေအတွင်း ကြုံနေရတဲ့ အကြွေး ပြဿနာကို ဖြေရှင်းဖို့ ကြားဝင်အစားထိုးပြီးတော့ ငွေကြေးကူညီမှုတွေလုပ်မယ့် အစီအစဉ်တခုလည်း ရေးဆွဲထားပါတယ်။

ပြင်သစ်က စတော့ရှယ်ရာဈေးကွက်မှာ ၆ ရာခိုင်နှုန်းကျော် ခုန်တက်သွားခဲ့ပြီး ဂျာမဏီနိုင်ငံမှာတော့ ၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။ အမေရိကန်နဲ့ လန်ဒန်က ငွေကြေးဈေးကွက်ပိတ်ခါနီးမှာ ၃ ရာခိုင်နှုန်းလောက် မြင့်လာခဲ့ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ကျင်းပတဲ့ ဥရောပနိုင်ငံတွေရဲ့ထိပ်သီးဆွေးနွေးပွဲမှာ ထွက်ပေါ် ခဲ့တဲ့ ရလာဒ်တွေနဲ့ပတ်သက်ပြီး ဥရောပနိုင်ငံ ခေါင်းဆောင်တွေက အကောင်းမြင်ကြပါတယ်။ ယူရိုငွေကြေး သုံးစွဲတဲ့နိုင်ငံတွေအတွင်း ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်မှုတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ပြောကြပါ တယ်။

ပြင်သစ်သမ္မတ နီကိုလိုင်ဆာကိုဇီက ကြုံတွေ့နေရတဲ့ အကျပ်အတည်းအတွက် အခု အစီအစဉ်ဟာ ထိထိရောက်ရောက်နဲ့ ယုံကြည်စိတ်ချရတဲ့ တုံ့ပြန်ချက်တခုပဲလို့ ဆိုပါတယ်။ ဂျာမဏီဝန်ကြီးချုပ် အန်ဂလာမာကလ်ကလည်း အခု အစီအစဉ်ဟာ နောက်တဆင့်ကို ဖြေရှင်းဖို့အတွက် ကောင်းမွန်တဲ့ အစီစဉ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ရှေ့မှာကြုံလာရမယ့် အဆင့်တွေကလည်း ရှိလိမ့်မယ်လို့ သတိပေးပါတယ်။ ဂရိဝန်ကြီးချုပ်ကတော့ အကြွေးတွေတ၀က် လျှော့ချမယ့် အစီအစဉ်ဟာ ဂရိနိုင်ငံအတွက် တင်နေတဲ့အကြွေးကို ဆပ်နိုင်အောင် လုပ်ပေးလိုက်သလိုပဲလို့ ပြောပါတယ်။

ဒီအစီအစဉ် ကို အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း ကြိုဆိုလိုက်ပါတယ်။

XS
SM
MD
LG