သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲပေးမမှားဖို့ အထူးလိုအပ်


ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးခြင်း၊ မပေးခြင်းသဘောတွေကတော့ ကိုယ့်ရဲ့အခွင့်အရေးပါ။ မဲပေးမယ့် လူတွေအနေနဲ့လည်း သူများ ပြောတိုင်းမယုံဖို့ လိုအပ်ပါတယ်။ ကိုယ်မဲပေးမယ့်ပါတီက ပြည်သူလူထုအတွက် တကယ်လုပ်မှာလား၊ အတုအယောင် လုပ်မှာလား ဆိုတာကို စနစ်တကျ စဉ်းစားပြီးမှ မဲပေးရပါမယ်။ မဲပေးမမှားဖို့တော့ အထူးလိုအပ်ပါတယ်။

ကိုယ်ပေးရမယ့် မဲတပြားက ပြည်သူလူထုကောင်းကျိုးအတွက် လုပ်ဆောင်ပေးမယ့် ပါတီကိုမရောက်ဘဲ အခြားကိုယ်ကျိုးကြည့်ပါတီတခု ကို မဲပေးလိုက်မိမယ်ဆိုရင်တော့ သွားပြီပေါ့ဗျာ။ ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းကို အနည်းနဲ့အများတော့ ဖော်ဆောင်လိမ့်မယ် လို့ မြင်မိပါတယ်။

အာဆီယံအသိုင်းအဝိုင်းကလည်း ရွေးကောက်ပွဲအလွန်ဆိုရင် မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ တွေ့ရမယ်လို့ ဆိုထားတော့ ပြည်သူတွေ အနေနဲ့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေတွေကို ပြောင်းလဲပစ်နိုင်မယ့်၊ လူထုမျက်နှာကို တကယ်ကြည့်မယ့်ပါတီကိုပဲ ရွေးချယ် မဲပေးသင့် တယ်။

ရွေးကောက်ပွဲမတိုင်ခင် အခုဆိုရင်လည်း မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ အရိပ်အရောင်တွေ မြင်နေရပါပြီ။ ပြည်သူလူထုတွေဆိုရင်လည်း အခုဆို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ၊ စီးပွားရေး၊ လူမှုရေးနဲ့ တိုင်းပြည်အခြေအနေတွေကို အရင်က ဘယ်လိုဖြစ်ခဲ့တယ်၊ ရွေးကောက်ပွဲပြီးရင် ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာတွေကို လူစည်ကားတဲ့ နေရာတော်တော်များများမှာ အဖွဲ့လိုက် ပြောဆိုနေကြပါပြီ။

အရင်က နိုင်ငံရေးဆို ပြည်သူတွေ မပြောရဲကြဘူးလေ။

ဒါကို ကြည့်ခြင်းအားဖြင့် အများကြီးမဟုတ်ရင်တောင်မှ နည်းနည်းလေးတော့ လွတ်လပ်လာပြီလို့ ဆိုနိုင်ပါတယ်။

မီဒီယာအခန်းကဏ္ဍတွေ အနေနဲ့ဆိုရင်လည်း ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ နိုင်ငံရေး ဝေဖန်ချက်တွေကို အများကြီးမဟုတ်ရင်တောင် အထိုက်အသင့် ရေးသားဖော်ပြခွင့် တွေ့လာရပြီ။ ဒီရွေးကောက်ပွဲက တရားမမျှတဘူးလို့ ဆိုနေတဲ့ အတိုက်အခံပါတီတွေ အနေနဲ့ကလည်း ရွေးကောက်ပွဲကို မဲမပေးကြဖို့၊ မထောက်ခံကြဖို့ ပြောနေမယ့်အစား အစိုးရနဲ့ ပူးပေါင်းဆောင် ရွက်ပြီး ပြည်သူတွေ ကောင်းစားရေးအတွက် ရှေ့ဘယ်လိုလုပ်ကြမယ် ညှိနှိုင်းဆောင်ရွက်ပြီး အဖြေရှာကြမယ်ဆိုရင် ပိုကောင်းမယ်လို့ မြင်မိပါတယ်။ ဒါပေမဲ့ တဘက်အမြင်နဲ့ နောက်တဘက်အမြင်ကတော့ မတူဘူးပေါ့ဗျာ။

ဆိုးရွားခဲ့တဲ့ အခြေအနေကို ပြန်ပြောပြီး ခံစားနေမယ့်အစား ရှေ့ရှောက်ကောင်းအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကိုပဲ ဆွေးနွေးကြရင် ပိုပြီးကောင်းမှာပါ။

အခု ရွေးကောက်ပွဲဝင်ပြိုင်မယ့် ၃၇ ပါတီအကြောင်းနဲ့ ပါတီဝင်တွေရဲ့ နောက်ကြောင်းကို မဲပေးမယ့် ပြည်သူတွေအနေနဲ့ သေချာ သိထားသင့်တယ်။ ဒါမှလည်း မဲပေးတဲ့အခါ ဘယ်သူကတော့ဖြင့် တကယ်အလုပ်လုပ်တဲ့လူ၊ ဘယ်သူကတော့ဖြင့် ကိုယ်ကျိုးရှာမယ့်သူဆိုပြီး ပြည်သူတွေက ခွဲခြားသိနိုင်မှာပါ။

အင်အားကြီးပါတီတွေအနေနဲ့လည်း ပါတီချင်းယှဉ်ပြိုင်တဲ့အခါ တကယ်ပြိုင်ဆိုင်ဖို့ လိုအပ်ပါတယ်။ တကယ်ပြိုင်ဆိုင်မှုမရှိဘဲ နိုင်ငံရေး လှည့်ကွက်တွေ သုံးနေမယ်ဆိုရင်တော့ အဲဒီပါတီဟာ လူထုရဲ့ ကြည်ညိုလေးစားမှုကို ခံရမှာ မဟုတ်ပါဘူး။ ပြောမယ်ဆိုရင်တော့ လွှတ်တော်ထဲကို ကိုယ်ချင်းစာစိတ်ရှိတဲ့သူတွေ များများရောက်သွားဖို့ အရေးကြီးတာပေါ့ဗျာ။ ဒါမှလည်း လွှတ်တော်ထဲကို လက်ရှိ ခေတ်ကာလ အခြေအနေအရ သင့်တင့်လျောက်ပတ်မှုမရှိတဲ့ ဥပဒေတွေ၊ ဒီမိုကရေစီလမ်းကြောင်းနဲ့ သွေဖြည်စေတဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့ အဆိုတင်သွင်းနိုင်မယ်။

လက်ရှိဆိုရင် ပြည်တွင်းမီဒီယာ ကဏ္ဍတွေအနေနဲ့လည်း ပြည်သူတွေကို အစဉ်တစိုက် ဖော်ပြပေးနေပါတယ်။ ဘာ့ကြောင့် ဒီလို အဓိကထားပြီး ဖော်ပြရသလဲဆိုတော့ တန်ဖိုးရှိတဲ့ အသဲကြားက မဲတပြားကို ပေးတဲ့အခါမှာ မဲပေးမမှားရအောင်လို့ပါ။

ပြည်သူတွေအနေနဲ့ တိုင်းပြည်အကျိုးရှိစေမယ့် ပါတီတွေကို ရွေးချယ်မဲပေးမှ သူတို့မှာ လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အခြေအနေတွေကို အနည်းနဲ့အများ ပြည့်စုံမှာပါ။

အခုဆိုရင် မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက အတည်ဖြစ်သွားပြီ။ ဖြစ်ပေါ်လာတဲ့ အခြေအနေမှာ ဒီမိုကရေစီ အပြည့် အဝ ဖြစ်ဖို့အတွက် တဖြည်းဖြည်းနဲ့ သွားရမှာပဲ။ အခုအချိန်က အတိုင်းအတာတခုအထိ ဒီမိုကရေစီလမ်းကြောင်းတော့ ရောက်ရှိနေပါပြီ။ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်ကို ဆင်းရဲတွင်းကနေ ကယ်တင်ရတော့မယ့်အချိန်လည်း ရောက်နေပြီ။

နိုင်ငံတခုရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုဆိုတာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေးစနစ်ပေါ် အဓိကအခြေခံပါတယ်။ အခုထွက်ပေါ်လာမယ့် အစိုးရသစ် အနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကောင်းတွေကို ဖန်တီးနိုင်ပါစေလို့ပဲ ဆန္ဒပြုရတော့မှာပဲ။

XS
SM
MD
LG