သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှတ်တမ်းတင် ရုပ်ရှင်သစ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာပြမည်


မြန်မာမှတ်တမ်းတင် ရုပ်ရှင်သစ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာပြမည်
မြန်မာမှတ်တမ်းတင် ရုပ်ရှင်သစ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာပြမည်

မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားနဲ့ မြန်မာနိုင်ငံသားတွေရဲ့ သဘောသဘာဝကိုဖော်ကျူးတဲ့ မှတ်တမ်းတင်ရုပ်ရှင်ကားတကားကို နာမည်ကြီးစာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာတဦးဖြစ်တဲ့ အမေရိကန်၊ နယူးယောက်ပြည်နယ်မှာရှိတဲ့ ကော်နဲလ်တက္ကသိုလ်က ပါမောက္ခ ရောဘတ်၊ လီဘာမဲန်( Robert Lieberman) က ရိုက်ကူးခဲ့တာဖြစ်ပြီးတော့ မကြာခင်မှာ ဒီဇာတ်ကားကို ရုံတင်ပြသမှာ ဖြစ်ပါတယ်။

ဒီရုပ်ကားနဲ့ပတ်သက်လို့တော့ ဒါရိုက်တာ ရောဘတ်လီဘာမဲန်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းထားတာကို အပြည့်အစုံ တင်ပြပေးထားပါတယ်။

နေအိမ်အကျယ်ချုပ်ကနေ လွတ်လာခဲ့ပြီး မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့တဲ့ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာတဦးဖြစ်တဲ့ ကော်နဲလ်တက္ကသိုလ်က ရူပဗေဒပါမောက္ခ ရောဘတ် လီဘာမဲန်းက ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးသမားတယောက်လို့ ယူဆပါသလားလို့ မေးတဲ့အမေးကို - ဟုတ်တာပေါ့။ ကျမက နိုင်ငံရေးသမားပါလို့ ဖြေခဲ့တာပါ။

နိုင်ငံရေးသမားတဦးထက်ပိုပြီး လုပ်နေတယ်လို့ ထင်တယ်လို့ ပြောတဲ့အခါမှာတော့ နိုင်ငံရေးသမားတဦးဟာ နိုင်ငံရေးထက်ပိုပြီး လုပ်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်လာခဲ့ရင် အဲဒီအချိန်ဟာ အာဏာရှင်တဦးဖြစ်လာနိုင်တာမို့ ဒါဟာ သိပ်ကို အန္တရာယ်ကြီးပါတယ်။ ကျမကတော့ သာမန် နိုင်ငံရေးသမားပါတဲ့။

ဒါရိုက်တာ လီဘာမဲန်ရိုက်ကူးတဲ့ “They Call it Myanmar Lifting the Curtain” မြန်မာလို့ သူတို့ခေါ်တဲ့နိုင်ငံကလေးက ဖုံးကွယ်ထားတဲ့ ကန့်လန့်ကာကို မ,ကြည့်ခြင်း-လို့ နာမည်ပေးထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်ကားမှာ နောက်ခံစကားပြောသူက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ။ မြန်မာနိုင်ငံလို့ ပြောလိုက်ရင် ဘယ်နေရာမှာတောင် ရှိမှန်းမသိသူတွေ အများကြီးရှိနေသေးတာမို့ မြန်မာနိုင်ငံဆိုတာ ဘယ်နေရာမှာရှိပြီး ဘယ်လိုလူမျိုးတွေ နေထိုင်တယ် ဆိုတာကို မြန်မာကသာမက ကမ္ဘာကလည်းလေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ရှင်းပြတဲ့ မှတ်တမ်းတင်ကားပါလို့ ဒါရိုက်တာလီဘာမဲန်က ပြောပါတယ်။

“ဒီရုပ်ရှင်မှာ သူက နောက်ခံစကားပြောထားပါတယ်။ သူက မြန်မာနိုင်ငံရဲ့ရာဇဝင်၊ သူ့ရဲ့ဖခင် အကြောင်း၊ မြန်မာနိုင်ငံအကြောင်းတွေ ပြောထားတာပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားကို သုံးနိုင်အောင် သူနဲ့တွေ့ပြီး မေးရပါတယ်။ ကျနော် မေးတဲ့မေးခွန်းတွေအတွက် ပထမ သူတော်တော် အံ့သြသွားပါတယ်။ မေးခွန်းတွေက သတင်းထောက်တွေ မေးလေ့ရှိတဲ့ မေးခွန်းတွေမဟုတ်လို့ပါ။ မြန်မာနိုင်ငံအကြောင်း ပြောပါ ဆိုတော့ ၅ မိနစ်အတွင်း ဖြေဖို့ မပြောနဲ့၊ ၅ နာရီအတွင်းတောင် ဖြေလို့ မကုန်ပါဘူးတဲ့။ ဒါနဲ့ ဘယ်နေရာမှာရှိတယ် ဆိုတာ စပြောပါ ဆိုပြီး ကျနော့်ကားထဲ သုံးမယ့် အပိုင်းတွေကို မေးခဲ့ရတာပါ”

အရင် အာရှတိုက်ရဲ့ စပါးကျီအဖြစ်နဲ့တင်စားလေ့ရှိတဲ့ ကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ အခု ဘာမှ မကျန်တော့သလို တကယ်လို့ အပေါ်ယံကကြည့်ရင် သိပ်ကို ကျက်သရေရှိပြီး ငြိမ်းချမ်းတဲ့ နိုင်ငံလေးလို့ ထင်ရပေမဲ့ အောက်ခြေအထိ သွားကြည့်ရင်တော့ တခုခု မှားနေပါလားလို့ သိသာနိုင်ပါတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၆၀ ခုနှစ်တွေက စပြီး အုပ်ချုပ်သူတွေက အထီးကျန်လုပ်တာကို ခံခဲ့ရတဲ့အတွက် စိတ်ဝင်စားစရာ နေရာတခုအဖြစ်နဲ့ ထင်ပြီးကျန်ရစ်နေတာမို့ မြန်မာနိုင်ငံကိုသွားရင် တခြားကမ္ဘာတခုကို ရောက်သွားသလို ခံစားစေနိုင်တဲ့နေရာ ဖြစ်နေသလို မြန်မာနိုင်ငံသားတွေဟာ ထိတွေ့ဆက်ဆံသူတွေကို အံ့သြစေတာမို့ ဒီရုပ်ရှင်ကို ရိုက်ဖြစ်တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံကို ကျနော် လုံးဝချစ်သွားခဲ့သလို မြန်မာနိုင်ငံသားတွေကိုလည်း ချစ်သွားပါတယ်။ မြန်မာနိုင်ငံကို ရောက်သွားရတာ တကယ် အံ့သြဝမ်းသာဖို့ ကောင်းပါတယ်။ မြန်မာနိုင်ငံဟာ သူ့အိမ်နီးချင်းနိုင်ငံတွေနဲ့ လုံးဝမတူတာ တွေ့ရပါတယ်။ ထိုင်း၊ တရုတ်၊ အိန္ဒိယ ဘယ်နိုင်ငံနဲ့မှ မတူပါဘူး။ သိပ်ကို ထူးခြားပါတယ်။ မြန်မာနိုင်ငံသားတွေဟာ အရာရာကို အကောင်းဘက်က ကြည့်ပြီးတော့ ဒုက္ခကို ဟာသနှောပစ်တတ်ပါတယ်။ သူတို့ကို ရယ်မော ပျော်ရွှင်လာအောင်လည်း လွယ်လွယ်နဲ့လုပ်လို့ရပါတယ်။

သူတို့ဆင်းရဲနေ၊ ပင်ပန်းဒုက္ခရောက်နေတဲ့ကြားက ရယ်နိုင်၊ မောနိုင်တာတွေ တွေ့ရလို့ သိပ်ကို အံ့သြမိပါတယ်။ သူတို့ဟာ ကြင်နာတတ်တယ်၊ ဖော်ရွေတယ်၊ ဒီလို ချစ်စရာကောင်းတာတွေကို အားလုံးကို သိစေချင်ပါတယ်”

ဒီရုပ်ရှင်ဟာ ၁ နာရီခွဲကြာ ပြသမှာဖြစ်ပြီး အခု ပြီးစီးလု နီးနေပြီလို့ဆိုပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အမ်စတာဒမ်မှာ ကျင်းပမယ့် နိုင်ငံတကာ မှတ်တမ်းတင် ရုပ်ရှင်ပွဲတော်မှာ ဒီကားကို စတင်ပြသမှာဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက်မှာ စတော့ဟုမ်းနဲ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဗီယင်နာမှာ ပြသဖို့ရှိပြီး ရှေ့နှစ် ဖေဖော်ဝါရီလကျရင် အမေရိကန်က နယူးယောက်၊ ဝါရှင်တန်၊ ချီကာဂိုနဲ့ လော့စ်အိန်ဂျလိစ် မြို့ကြီးတွေမှာ ပြသဖို့ရှိတယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဘယ်နိုင်ငံကမဆို ဒီကားကို ပြသချင်ရင် They Call It Myanmar.com မှာ ခွင့်တောင်းပြီး ပြသဖို့ စီစဉ်နိုင်ပါတယ်လို့လည်း ဒါရိုက်တာ ရောဘတ်လီဘာမဲန်က ပြောပါတယ်။

XS
SM
MD
LG