ဆီးရီးယားနိုင်ငံမှာ ၁၁ နှစ် ကြာအုပ်ချုပ်နေတဲ့ သမ္မတ Bashar al- Assad ဘက်ရှာ၊ အယ်လ် အာဆတ်ကို ဆန့်ကျင်ဆန္ဒပြမှုတွေအတွက် အစိုးရတပ်တွေရဲ့ ချေမှုန်းနေမှုတွေ ရပ်ဆိုင်းသွားအောင် အာရပ်အဖွဲ့ချုပ် က ချပြခဲ့တဲ့ အစီအစဉ်ကို ဆီးရီးယား အစိုးရက သဘောတူ လက်ခံခဲ့တယ်လို့ ဆီးရီးယား အစိုးရ ရုပ်သံက ကြေညာပါတယ်။ ဒါ့ကြောင့် သမ္မတ အာဆတ်ဟာ အတိုက်အခံတွေနဲ့ စတင်ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။
ဆီးရီးယားအစိုးရက အာရပ်အဖွဲ့ချုပ်ရဲ့ ဌာနချုပ်တည်ရှိရာ ကိုင်ရိုမြို့မှာ ဗုဒ္ဓဟူးနေ့ကျရင် ဒါကို တရားဝင်ကြေညာဖို့ ရှိတယ်လို့ ဆီးရီးယား အစိုးရ ရုပ်သံက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ထုတ်ပြန်ကြေညာခြင်း မလုပ်ခဲ့ပါဘူး။
ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး Walid Moallem ဝါလစ် မိုလမ်ဟာ တနင်္ဂနွေနေ့က ဒိုဟာ Doha မှာ Qatari ကာတာရီ ဝန်ကြီးချုပ် Hamad bin Jasim ဟာမစ် ဘင် ယက်စင် နဲ့တွေ့ဆုံပြီး အာရပ်အဖွဲ့ချုပ်ရဲ့ အစီအစဉ် အဆိုပြုချက်တွေကို ဆွေးနွေးခဲ့ပါတယ်။
ဒီအစီ အစဉ်အရ လမ်းမတွေပေါ်မှာ ချထားတဲ့ ဆီးရီးယား အစိုးရ လုံခြုံရေးတပ်တွေကို ပြန်ရုပ်သိမ်းပေးရမှာ ဖြစ်ပြီး အရပ်သားတွေအပေါ် အစိုးရလိုလားတဲ့ တပ်တွေက အကြမ်းဖက် နှိမ်နင်းမှုတွေကို ရပ်ဆိုင်းဖို့နဲ့ ကိုင်ရိုမြို့မှာ ဆီးရီးယား အတိုက်အခံတွေနဲ့ ဆီးရီးယား အစိုးရ ဆွေးနွေးပွဲတွေ လုပ်ဖို့ တောင်းဆိုထားတာပါ။
ဒါပေမယ့် ဆီးရီးယားအစိုးရက အတိုက်အခံတွေနဲ့ ကိုင်ရိုမှာ တွေ့ဆုံမယ့်အစား ဒမတ်စကပ်မှာ ဆွေးနွေးပွဲလုပ်ဖို့ လိုလားတယ်လို့ လန်ဒန် အခြေစိုက် အာရပ်သတင်းစာ Al Sharq al Awsat အယ်လ် ရှား အယ်လ် အော်ဆတ်က သံတမန်သတင်းရပ်ကွက်ကို ကိုးကားပြီး ရေးသားထားပါတယ်။