နိုင်ငံတကာ အဏုမြူအေဂျင်စီ IAEA အဖွဲ့ အကြီးအကဲက ဒီနှစ်အတွက် နှစ်ပတ်လည် အစီရင်ခံစာကို ကုလသမဂ္ဂကို တင်လိုက်ပြီးတော့ အီရန်နိုင်ငံနဲ့ မြောက်ကိုရီးယားတို့ရဲ့ လုပ်ရပ်တွေကြောင့် စိုးရိမ်စရာ အသစ်တွေ ဖြစ်လာရပြန်ပါတယ်။
အီရန်နိုင်ငံဟာ အဏုမြူစွမ်းအားကို ငြိမ်းချမ်းစွာ အသုံးပြုနေပါတယ်လို့ သက်သေပြနိုင်ဖို့ IAEA နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ဘူးလို့ IAEA ညွှန်ချုပ် Yukio Amano က အင်္ဂါနေ့မှာ အတည်ပြု ပြောကြားပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေက အီရန်ဟာ အဏုမြူဗုံးထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ စွတ်စွဲထားပြီးတော့ အီရန်ကငြင်းဆန်ထားပါတယ်။
မြောက်ကိုရီးယားရဲ့ အဏုမြူစီမံချက်ဟာလည်း အလွန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေမှာ ရှိနေကြောင်း Mr. Amano က ပြောကြားပါတယ်။
၂၀၀၉ ခု ဧပြီလက စပြီးတော့ IAEA အနေနဲ့ မြောက်ကိုရီးယားရဲ့လုပ်ရပ်တွေကို စစ်ဆေးနိုင်ခြင်း မရှိဘူးလို့ ပြောပါတယ်။ ၂၀၀၉ ခု၊ မေလမှာပဲ မြောက်ကိုရီးယားက ဒုတိယ အဏုမြူဗုံး စမ်းသပ်ဖောက်ခွဲခဲ့ပြီးတော့ အောင်မြင်တယ်လို့လည်း ကြေညာသွားပါတယ်။
ပြီးခဲ့တဲ့နှစ်က ရရှိတဲ့သတင်းတွေအရ မြောက်ကိုရီးယားရဲ့ ယူရေနီယံ သန့်စင်မှုအတွက် ပစ္စည်း အသစ်တွေနဲ့ ပေါ့ပါးတဲ့ ရေဓာတ်ပေါင်းဖို ကိစ္စဟာလည်း အလွန်စိတ်ပူစရာကောင်းတယ်လို့ Amano ကပြောပါတယ်။
နိုင်ငံတကာက စိုးရိမ်ပူပန်နေကြတာတွေကို သက်သာမှုရှိအောင် အီရန်နိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံ နှစ်နိုင်ငံစလုံးက နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများနဲ့အညီ ဆောင်ရွက်ကြစေဖို့ IAEA အကြီးအကဲက တောင်းဆိုလိုက်ပါတယ်။