နီပေါနိုင်ငံမှာ တခါက သူပုန်တွေဖြစ်ခဲ့ကြတဲ့ မော်ဝါဒီတပ်ဖွဲ့ဝင်တွေကို နီပေါနိုင်ငံရဲ့ အမြဲတမ်း တပ်မတော်မှာ ထောင်သောင်းချီပြီး လက်ခံဖို့ နီပေါရဲ့ အဓိကနိုင်ငံရေးပါတီတွေ နိုဝင်ဘာလ ၂ ရက်နေ့မှာ သဘောတူချက်တရပ် ရရှိခဲ့ကြပါတယ်။
နီပေါနိုင်ငံမှာ ပြည်တွင်းစစ် ပြီးဆုံးသွားပြီး ၅ နှစ်အကြာမှာ ရရှိခဲ့တဲ့သဘောတူညီချက်ကြောင့် နီပေါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုးမြှင့်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ အခု သဘော တူညီချက်ကြောင့် မော်ဝါဒီသူပုန်ဟောင်း ၆,၅၀၀ လောက်ကနေ ၁၉,၀၀၀ အထိလောက်ဟာ နီပေါရဲ့ အမြဲတမ်းတပ်မတော်မှာ တပ်မတော်သားတွေ ဖြစ်လာတော့မှာပါ။
၂၀၀၆ ခုနှစ်မှာ ပြည်တွင်းစစ်ပြီးကတည်းက မော်ဝါဒီသူပုန်တွေဟာ သူတို့ကိုထားရှိတဲ့ စခန်းတွေထဲမှာပဲ နေထိုင်ခဲ့ကြရပြီး နီပေါအစိုးရသစ်ရဲ့ တပ်မတော်မှာ အမှုထမ်းခွင့်ရဖို့ စောင့်ဆိုင်းနေခဲ့ကြရပါတယ်။
စစ်မှုထမ်းခွင့်မရတဲ့ ကျန်တဲ့ မော်ဝါဒီသူပုန်ဟောင်းတွေကို ဘဝသစ် ပြန်လည်ထူထောင်ဖို့ တဦးကို အမေရိကန်ဒေါ်လာ ၁၁,၅၀၀ စီ အစိုးရက ထောက်ပံ့ကြေးပေးခဲ့ပါတယ်။