သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တွေလာရောက်မှု အစိုးရဘက်က အကောင်းမြင်


အမေရိကန်တွေလာရောက်မှု အစိုးရဘက်က အကောင်းမြင်
အမေရိကန်တွေလာရောက်မှု အစိုးရဘက်က အကောင်းမြင်

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Posner နဲ့ မူဝါဒ ရေးရာ ညှိနှိုင်း ရေးမှူး Derek Mitchell တို့ဟာ မြန်မာအစိုးရ စစ်ဘက်နဲ့ အရပ်ဘက်ဆိုင်ရာ အကြီးအကဲတွေနဲ့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေနဲ့အတူ ထိတွေ့ဆက်ဆံနေပြီး အခုတလော အမေရိကန်သံတမန်ကြီးတွေ မြန်မာပြည်ကို အလာစိပ်လာတာဟာ အနှစ် ၂၀ ကြာ ဆက်ဆံရေးကျဲခဲ့တဲ့ မူဝါဒကိုပြန်လည်သုံးသပ်နေတဲ့ အပြုသဘောဆောင်တဲ့ လက္ခဏာဖြစ်ပါတယ်လို့ မြန်မာအစိုးရဘက်က ယူဆနေကြပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုက ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်လ်ပို့စ်နာနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရက်၊ မစ်ချယ်လ်တို့ဟာ ဒီကနေ့ နေပြည်တော်မှာ ကာကွယ်ရေး ဝန်ကြီး ဌာန၊ အလုပ်သမားဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး တော့ မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာသွားကြပြီလို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဌာနက ဗွီအိုအေကို အတည်ပြုပြောဆိုထားပါတယ်။

အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရကို အခုလို ထိတွေ့ဆက်ဆံနေပေမယ့်် တဘက်မှာလည်း တားဆီးပိတ်ဆို့မှုတွေနဲ့လည်း အရေးယူထားဆဲဖြစ်ပါတယ်။ အထူးကိုယ်စားလှယ် ဒဲရက်၊မစ်ချဲလ်ဟာ ၂ လကျော်ကျော်အချိန်အတွင်းမှာ မြန်မာနိုင်ငံကို ၃ ကြိမ်တိုင် လာရောက်ခဲ့တဲ့အပြင် တပြိုင်တည်း ဆိုသလိုပဲ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်လ်ပို့စ်နာကလည်း မြန်မာနိုင်ငံကို ရောက်ရှိ လာခဲ့တာပါ။ အခုလို အမေရိကန်သံတမန်ကြီးတွေ မြန်မာနိုင်ငံကို ခပ်စိပ်စိပ်လာရောက်ကြတဲ့ အပေါ်မှာ သမ္မတဦးသိန်းစိန်ရဲ့ အကြံပေးပုဂ္ဂိုလ် ဒေါက်တာနေဇင်လတ်က အခုလို သုံးသပ်လိုက်ပါ တယ်။

“ဒဲရက် မစ်ချဲလ်ရဲ့ရာထူးဆိုလို့ရှိရင်ကိုက ပေါ်လစီမှာသူက ညှိနှိုင်းရေးမှူးဖြစ်တာကို။ အမေရိကန် နိုင်ငံခြားရေးမူဝါဒပေါ့ဗျာ။ အထူးသဖြင့် မြန်မာနိုင်ငံအပေါ်မှာ ထားတဲ့ မူဝါဒ အတွက်ကို ညှိနှိုင်းရေးမှူး ဖြစ်တဲ့အတွက်ကြောင့်မိုလို့ တဘက်က ပေါ်လစီကိုပြန်သုံးသပ်တဲ့ သဘောရှိတာပေါ့။ နဂိုရ်ထဲက အပေါင်းလက္ခဏာဆောင်တဲ့ ပေါ်လစီဖြစ်ခဲ့တယ် ဆိုလို့ရှိရင်တော့ ဒါကိုပြန်သုံးသပ်တယ်ဆိုရင်တော့ သူက အနုတ်ကို သွားပြီး ရှေ့ရှုသွားတာကို။

ကျနော်တို့ပေါ်မှာ ထားတဲ့မူဝါဒက မူရင်းက အနှစ် ၂၀ လောက်အတွင်းမှာ အနုတ်လက္ခဏာသဘောနဲ့ ထားထားတဲ့ မူဝါဒဖြစ်နေတာကို။ အဲဒီတော့ ဒီတခါ ပြန်သုံးသပ်မယ်ဆိုတော့ အနုတ်ကနေပြီး ဒိထက် ထပ်ပိုနုတ်လို့လည်း မရတော့ဘူးလေ။ အဲဒီတော့ အပေါင်းလက္ခဏာဆောင်တဲ့ အသွားအလာစိတ်တဲ့ ညှိနှိုင်းမှုတခုလို့ ကျနော်တို့ ပြောလို့ရပါတယ်”

အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံကြီးတွေက တားဆီးပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းပေးဖို့အတွက် မြန်မာအစိုးရက တောင်းဆိုနေပေမယ်လို့ အမေရိကန်ပြည်ထောင်စုကတော့ ပိတ်ဆို့ထားရတဲ့ အခြေခံအကြောင်းအရင်း၊ ဇစ်မြစ်ပါ အချက်အလက်တွေကို ပြုပြင်မှသာ၊ လိုက်နာဆောင်ရွက်မှသာ ရုပ်သိမ်းပေးမှာဖြစ်တယ်လို့ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်က ပြောဆိုထားပါတယ်။

Scantion အရေးယူ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးနိုင်ရေးအလားအလာအတွက် မြန်မာအစိုးရက လှမ်းနေတဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေနဲ့ပတ်သက်လို့တော့ ဒေါက်တာနေဇင်လတ်က အခုလို ကောက်ချက်ချပါတယ်။

“Scantion ကတော့ impose လုပ်လိုက်တာတော့ လွယ်တာပေါ့ဗျာ။ နောက်တခါ သူ့ကို lift up လုပ်ဖို့ ကျတော့ step တွေကများတာကို။ အချိန်တခုလည်း ယူရတာပေါ့။ အခု ကျနော်တို့ မူလတန်း ပညာ စသင်သလိုပေါ့။ တဖြည်းဖြည်းနဲ့ သူတို့သတ်မှတ်ချက်အပေါ် Scantion ရုပ်သိမ်း နိုင်ရလောက် အောင် သတ်မှတ်ထားတဲ့ အချက်အလက်တွေကိုလည်း ကျနော်တို့က ဖြေပေးရမယ်။ တဖြည်းဖြည်းချင်း တဆင့်ချင်း၊ တဆင့်ချင်းပေါ့နော်။ တခုချင်း၊ တခုချင်း lift up လုပ်သွားမယ်လို့ ယူဆရပါတယ်”

မြန်မာနဲ့ မြောက်ကိုရီးယားနီုင်ငံအကြား နျုကလီးယားနည်းပညာပံ့ပိုးရေး၊ လက်နက်ရောင်ဝယ်ရေးစတဲ့ ဆက်ဆံရေးအပေါ် စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း အထူးကိုယ်စားလှယ် Derek Mitchell ကရော၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell တို့ကပါ VOA နဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။ မြန်မာ-မြောက်ကိုရီးယားဆက်ဆံရေးအပေါ် ဒေါက်တာနေဇင်လတ်ရဲ့ အမြင်ကတော့ ဒီလိုပါ။

“မူဝါဒပိုင်းမှာကျတော့ လက်နက်ကိစ္စရပ်က တကြိမ်တုန်းက ကျနော်တို့ဆီမှာရှိတဲ့ လူကြီးတွေ တချို့လည်း သူတို့ ဝန်ခံပြီးပါပြီ။ ကြိုးစားမှုတခု ရှိခဲ့ပါတယ်ပေါ့။ အခု ဒါကို သူတို့ ပြန်စွန့်လွှတ်လိုက်ပါတယ်လို့ ပြောထားပြီးပြီလေ။ အဲဒီအပိုင်းလေးပေါ့။ လက်နက်ကိစ္စရပ်လေးတွေက မရှိခဲ့ဘူး ဆိုလို့ရှိရင်တော့ မြောက်ကိုရီးယားမှ၊ တောင်ကိုရီးယားမှ၊ ဘင်္ဂလားဒေ့ရှ်မှ စသည်အားဖြင့် မဟုတ်ဘဲနဲ့ နိုင်ငံတနိုင်ငံရဲ့ right ပေါ့ဗျာ၊ ဆက်ဆံလို့ ရကောင်းပါတယ်လို့ပဲ မြင်တယ်ဗျ”

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်လ်ပို့စ်နာနဲ့ အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလ်တို့ ၂ ဦးဟာ ဒီကနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာကြပါပြီ။ မနက်ဖြန်သောကြာနေ့၊ နိုဝင်ဘာလ ၄ ရက်နေ့မှာတော့ အမေရိကန် သံတမန်ကြီး ၂ ဦးဟာ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ NLD က ဗွီအိုအေကို အတည်ပြု ပြောဆိုထားပြီး ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG