မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ဒဲရစ်မစ်ချဲလ်တို့ဟာ ကြာသပတေးနေ့က နေပြည်တော်မှာ မြန်မာအစိုးရသစ်အဖွဲ့ဝင် ဒုတိယနေ့ ဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပြီး ဒီကနေ့ သောကြာနေ့မှာတော့ ရန်ကုန်မှာ အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက VOA ကိုပြောပါတယ်။
သောကြာနေ့မှာတော့ အမေရိကန်သံတမန် ၂ ဦးဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီသတင်းကို ဆက်သွယ်စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က အပြည့်အစုံတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိလာစေဖို့ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ရော နိုင်ငံတကာ အဖွဲ့အစည်းတွေအပြင် လူမှုလူ့အဖွဲ့အစည်း အသီးသီးနဲ့ပါ ကျယ်ပြန့်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ပြောဆိုခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် ဒဲရက်မစ်ချဲလ်တို့ဟာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။ ကြာသပတေးနေ့မှာတော့ သူတို့ ၂ ဦး ဟာ နေပြည်တော်မှာ ဒုတိယနေ့ ဆက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်
“လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် မူဝါဒညှိနှိုင်းရေးမှူး ဒဲရက်မစ်ချဲလ်တို့ဟာ မြန်မာနိုင်ငံမှာရှိနေပြီးတော့ နိုဝင်ဘာလ ၃ ရက်နေ့မှာ နေပြည်တော်မှာ ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေမှာ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စနဲ့ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာဒေသတွေမှာ ဖြစ်ပွားနေတဲ့စစ်ပွဲဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်”
ဒီဆွေးနွေးမှုတွေကို မြန်မာအစိုးရသစ်အဖွဲ့ရဲ့ ကာကွယ်ရေး၊ အလုပ်သမားရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဝန်ကြီးတွေအပြင် ပြည်ထဲရေးဝန်ကြီးနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
“ဆွေးနွေးပွဲမှာ ပါဝင်တဲ့သူတွေကတော့ အလုပ်သမားနဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ နေရာချထားရေးဝန်ကြီး ဦးအောင်ကြည်၊ နယ်စပ်ဒေသရေးရာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းထိုက်၊ ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး လှမင်းတို့ပါ။ ဒါ့အပြင် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ်ပို့စနာကတော့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုနဲ့ တွေ့ဆုံခဲ့ပါတယ်”
ဒါဟာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပေမယ့် မစ္စတာမစ်ချဲလ်ကတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံအဖြစ်တာဝန်ယူခဲ့တဲ့ ၃ လနီးပါး အချိန်အတွင်းမှာ တတိယအကြိမ်မြောက် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ သောကြာ နေ့မှာ ရန်ကုန်မှာ အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။
“လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာနဲ့ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလ် တို့ဟာ နေပြည်တော်ကအပြန် နိုဝင်ဘာလ ၄ရက်နေ့မှာ ရန်ကုန်မြို့မှာ အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်”
အမေရိကန် ကိုယ်စားလှယ်၂ ဦးဟာ သောကြာနေ့မှာ မြန်မာနိုု်င်ငံကနေ ပြန်လည်ထွက်ခွါဖို့ ရှိပါတယ်။ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ဆက်ပြီး ထားရှိတဲ့ အမေရိကန်အစိုးရက မြန်မာ အစိုးရသစ်အဖွဲ့ကို ခိုင်မာတဲ့ အပြောင်းအလဲ ခြေလှမ်းတွေလှမ်းဖို့ တောင်းဆိုခဲ့ပါတယ်။
အစိုးရသစ်အဖွဲ့အနေနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုထက်ပိုပြီး အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ အပြင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ တိုင်းရင်းသားတွေနဲ့ ဆင်နွှဲနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းရေးနဲ့ နိုင်ငံတကာက စိုးရိမ်နေတဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ခုထက်ပိုပြီး ထင်သာမြင်သာ ရှိဖို့ပါ တောင်းဆိုနေတာပါ။
အမေရိကန် သံတမန် ၂ ဦးဟာ သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံဖို့ ရှိတယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က VOA ကို အတည်ပြုပြောကြားခဲ့ပါတယ်။