သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိဝန်ကြီးချုပ်ကို အယုံအကြည်ရှိ မရှိ မဲခွဲဆုံးဖြတ်မည်

ဂရိဝန်ကြီးချုပ် George Papandreou
ဂရိဝန်ကြီးချုပ် George Papandreou

အကြွေးပိလို့ အကျပ်ရိုက်နေတဲ့ ဂရိနိုင်ငံအတွက် နိုင်ငံတကာက ကြားဝင်ကူညီမယ့်အစီအစဉ်ကို ဂရိဘက်ကဆက်ပြီး လက်ခံသွားမယ်ဆိုရင် ဥရောပခေါင်းဆောင်တွေဘက်ကလည်း အကူအညီပေးဖို့ အဆင်သင့်ပဲလို့ပြောလိုက်ပါတယ်။

ယူရိုငွေကြေးသုံးစွဲတဲ့နိုင်ငံတွေထဲမှာ ဂရိကို ဆက်ပြီးထားရှိဖို့နဲ့ အကူအညီတွေပိုပြီးပေးဖို့ အကောင်အထည်ဖော်မယ့် အစီအစဉ်ကို ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ ဥရောပ ကော်မရှင်နာမင်းကြီး Jose Manuel Barroso နဲ့ဥရောပ ကောင်စီဥက္ကဋ္ဌ Herman Van Rompuy တို့က ပူးတွဲကြေညာချက်တစောင် မနေ့ကထုတ်ပြန်ပြီး ဂရိနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတကာက ဂရိအတွက် ကြားဝင်ပြီးကူညီပေးမယ့်အစီအစဉ်ကို လူထုဆန္ဒခံယူမှုလုပ်မယ်လို့ ဂရိ ဘက်က ဆုံးဖြတ်ခဲ့တဲ့နောက်ပိုင်း ငွေကြေးဈေးကွက်တွေ ကသောင်းကနင်းဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဆန္ဒခံယူပွဲလုပ်မယ့် ကိစ္စကို ဖျက်လိုက်ဖို့ ဂရိဝန်ကြီးချုပ်က ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဒါကို ဥရောပခေါင်းဆောင်တွေက ကြိုဆိုခဲ့ပါတယ်။ ဂျာမနီနဲ့ပြင်သစ်နိုင်ငံ ခေါင်းဆောင်တွေက ဂရိပြည်တွင်း နိုင်ငံရေးအခြေအနေကြောင့် ယူရိုငွေကြေးသုံးစွဲတဲ့နိုင်ငံတွေ အတွင်း ထိခိုက်နစ်နာတာမျိုး အဖြစ်မခံနိုင်ဘူးလို့ ပြောဆိုခဲ့ပြီးတဲ့နောက်ပိုင်း ဂရိဝန်ကြီးချုပ် George Papandreus က သူ့ရဲ့ဆန္ဒခံယူမယ့် အကြံကို လက်လျှော့လိုက်တာပါ။

သူ့ကို ရာထူးကဆင်းပေးဖို့လည်း ဂရိအတိုက်အခံတွေက တောင်းဆိုနေကြပါတယ်။ သူ့ကိုအယုံအကြည်ရှိမရှိ လွှတ်တော်မှာ ဒီကနေ့ မဲခွဲကြပါလိမ့်မယ်။

ပြင်သစ်နိုင်ငံ ကိန်းစ်မြို့မှာ ၂ ရက်ကြာကျင်းပနေတဲ့ G-20 စီးပွားရေးအားကောင်းတဲ့ နိုင်ငံ ၂၀ ရဲ့ ညီလာခံမှာ ဂရိနိုင်ငံရဲ့ ငွေကြေးအကျပ်အတည်းပြဿနာက အဓိက လွှမ်းမိုးနေတာပါ။

G-20 ညီလာခံကို ပြင်သစ်သမ္မတ ဆာကိုဇီက ကမကထလုပ်ပြီး ကျင်းပနေတာပါ။

This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG