သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးဆွေးနွေးဖို့ အမေရိကန်အထူးကိုယ်စားလှယ် ဂျပန်ခရီးဆက်


မြန်မာ့အရေးဆွေးနွေးဖို့ အမေရိကန်အထူးကိုယ်စားလှယ် ဂျပန်ခရီးဆက်
မြန်မာ့အရေးဆွေးနွေးဖို့ အမေရိကန်အထူးကိုယ်စားလှယ် ဂျပန်ခရီးဆက်

မြန်မာ့နိုင်ငံရေးမှာ တိုးတက်ပြောင်းလဲမှုတွေ ရှိလာအောင် ဒေသတွင်း မဟာမိတ်နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရနိုင်ဖို့ အာရှ ၃ နိုင်ငံခရီး စတင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်၊ ဒဲရက်ခ် မစ်ချဲလ်ဟာ တောင်ကိုရီးယားမှာရောက်နေရာကနေ ဒီကနေ့ သောကြာနေ့မှာတော့ ဂျပန်နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အရင်က အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားက ဂျပန်ရဲ့သဘောထားနဲ့ အနည်းငယ်ကွဲလွဲခဲ့ပေမဲ့ အခု ကူညီထောက်ပံ့မှုပြန်ပေးရေး အစီအစဉ်တွေမှာတော့ တူညီမှုရှိလာပြီလို့ ဂျပန်နိုင်ငံက မြန်မာ့အရေး လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။ ဒီအကြောင်းကိုတော့ ဒေါ်ခင်မျိုးသက်က အပြည့်အစုံ တင်ပြထားပါတယ်။

မနေ့က ဒီဇင်ဘာလ ၈ ရက်နေ့မှာ အာရှ ၃ နိုင်ငံ ခရီးထွက်လာခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရစ် မစ်ချဲလ်ဟာ ဒီကနေ့ သောကြာနေ့မှာ ဂျပန်နိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာ့အရေး ညှိနှိုင်းဆွေးနွေးဖို့ရည်ရွယ်တဲ့ သူ့ရဲ့ဒီခရီးစဉ်ကို တောင်ကိုးရီးယားနိုင်ငံနဲ့ စတင်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူးနဲ့ အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလ်ဟာ တောင်ကိုးရီးယား နိုင်ငံအစိုးရဌာနအသီးသီးက တာဝန်ရှိသူတွေနဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာ နိုင်ငံမှာ အပြောင်းအလဲတွေပိုလုပ်နိုင်အောင် အားပေးဖို့နဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေး ပိုမို ကျယ်ပြန့်လာအောင် လုပ်ဖို့ အပါအဝင် နိုင်ငံခြားရေးဝန်ကြီးကလင်တန် မကြာခင်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် လက်နက် မပြန့်ပွားရေးဆိုင်ရာ ကိစ္စတွေနဲ့ အမေရိကန်ကစိုးရိမ်နေတဲ့ မြောက်ကိုရီးယားနဲ့ မြန်မာ စစ်ရေးဆက်ဆံမှုဆိုင်ရာ ကိစ္စတွေကိုပါ မစ္စတာမစ်ချဲလ်က ဆွေးနွေးခဲ့ပါတယ်”

အမေရိကန် အထူးသံတမန်ဟာ တောင်ကိုးရီးယားနိုင်ငံမှာ မြန်မာ့အရေးလှုပ်ရှားသူ တချို့နဲ့ပါ တွေ့ဆုံခဲ့သလို တောင်ကိုးရီးယားအစိုးရတာဝန်ရှိသူတွေနဲ့ပါ ဆွေးနွေးခဲ့တာပါ။ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံနဲ့သာမက ဂျပန်နဲ့တရုတ်နိုင်ငံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ဆွေးနွေးမယ်လို့လည်း ပြောပါတယ်။

"အထူးကိုယ်စားလှယ် မစ္စတာမစ်ချဲလ်ဟာ အမေရိကန်ရဲ့မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနဲ့ပတ်သက်ပြီး နိုင်ငံတကာနဲ့ဆွေးနွေးမှုတွေလုပ်ဖို့ တိုကျိုနဲ့ပီကင်းကိုလည်း ဆက်သွားမှာပါ။ မြန်မာနိုင်ငံအတွက် နိုင်ငံတကာက ဘုံ စိုးရိမ်စိတ်ပူနေရတာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဒေသတွင်းက အဓိကမဟာမိတ်တွေနဲ့ မဟာဗျူဟာကျကျ ပုးပေါင်းဆောင်ရွက်ရေးမှာ အာမခံချက်တွေရဖို့အတွက် ဆွေးနွေးမှာဖြစ်ပါတယ်"

အခုလို မစ္စတာမစ်ချဲလ် ဂျပန်အစိုးရတာဝန်ရှိသူတွေနဲ့ လာပြီးဆွေးနွေးတာနဲ့ပတ်သက်ပြီး ဂျပန်မှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက အပြုသဘောဆောင်တဲ့ဘက်က ရှုမြင်ကြောင်းပြောပါတယ်။

ဂျပန်ရဲ့ မြန်မာနိုင်ငံအပေါ်သဘောထားနဲ့ အမေရိကန်ရဲ့ သဘောထားဟာ အရင်က အနည်းငယ် ကွဲလွဲမှုရှိခဲ့ပေမယ့် အခုတော့ ကူညီထောက်ပံ့မှု ပြန်ပေးရေးတွေမှာ တူညီမှုရှိလာပြီလို့ ဂျပန်နိုင်ငံက မြန်မာ့အရေး လှုပ်ရှားတဲ့ NLD – LA အဖွဲ့ ဥက္ကဌ ဦးလှဟန်ကပြောပါတယ်။

“ဂျပန်နိုင်ငံနဲ့ အမေရိကန် မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထားကတော့ အရင်တုန်းကနဲ့ နည်နည်း ကွဲပြားတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ရေးမှာ ထားပေမယ့် ဂျပန်ကတော့ လုံးလုံးပိတ်ဆို့ရေး မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံအစိုးရကို ဖျောင်းဖျောင်းဖျဖျနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဖို့အတွက် အကူအညီလည်း ပေးတယ်။ ဖျောင်းဖျောင်းဖျဖျလည်း ပြောတယ်ဆိုတဲ့ မူဝါဒမျိုး၊ ပျော့ပျော့ပျောင်းပျောင်း မူဝါဒကို လက်သင့်ခံကျင့်သုံးခဲ့တာ။

အခု အမေရိကန်က မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြုပြင်ပြောင်းလဲလာပြီလို့ သူက နည်းနည်းလေး ယူဆတဲ့အတွက်ကြောင့် နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်သွားပြီး မြန်မာနိုင်ငံမှာ ဆွေးနွေးတာတွေ ဖြစ်ခဲ့တယ်။ နောက် ဒါ့ကြောင့် သူမြန်မာနိုင်ငံကို ပြန်ပြီးတော့ ဆက်ဆံဖို့အတွက် ဂျပန်နဲ့လာပြီးတော့ ဆွေးနွေးတယ်လို့ ကျနော်ထင်ပါတယ်။

နောက်ပြီးတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်ကို လာပြီးကတည်းက ဂျပန်က သူ အကူအညီတွေ ပေးမယ် ဆိုတာကို တရားဝင် ထုတ်ပြောခဲ့ပါတယ်။ အခုလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ နေပြည်တော်မှာ ဂျပန် နိုင်ငံခြားရေးဌာနက အထက်တန်း အရာရှိတွေနဲ့ သွားပြီးဆွေးနွေးတာတွေလည်း ကြားမိတာမို့ ဂျပန်ကတော့ ODA အတွက်သော်လည်းကောင်း၊ လူသားချင်း စာနာမှုဆိုင်ရာ အတွက်သော် လည်းကောင်း ပြန်ပေးမယ်ဆိုတာမျိုးတော့ သုံးသပ်လို့ ရပါတယ်”

ဒီလို အကူညီပေးရေးတွေ အပြင် ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ပါ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ မကြာခင်မှာပဲ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဟာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။ မစ္စတာမစ်ချဲလ်ဟာ ဒီဇင်ဘာလ ၉ ရက်ကနေ ၁၁ ရက်နေ့ အထိ ဂျပန်နိုင်ငံမှာရှိနေမှာ ဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်ကနေ ၁၃ ရက်အတွင်းမှာတော့ တရုတ်နိုင်ငံမှာ မြန်မာ့အရေးကို ဆွေးနွေးမှာဖြစ်ပါတယ်။

XS
SM
MD
LG